ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တောမီး မောတောင်မြို့အနီးကူးစက်လာပြီး နေအိမ်တစ်လုံးပျက်စီး

January 20, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် မြို့အနောက်ဘက်စတင်လောင်ကျွမ်းနေသည့် တောမီးသည် မြို့အနီးသို့ ကူးစက်နေပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် မောတောင်မြို့၊ အောင်ဇေယျရပ်ကွက် အနောက်ဘက်မှ တောမီး စတင်လောင်ပြီး အောင်ဇေယျရပ်ကွက် အနီးထိ မီးများလောင်ကျွမ်းလာကာ လူနေအိမ်အချို့ ပျက်စီးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“လောင်တာကတော့ ရပ်ကွက်အနောက်ဘက်ကနေ စလောင်လာတယ်။ ရှို့မီးလား၊ တောမီးလောင်တာလား မသိရသေးဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။

တောမီးများမှာ မြို့နှင့်နီးသည့် နေရာများတွင်သာ ငြှိမ်းသတ်နိုင်သေးပြီး တောများနှင့် လူနေအိမ်မရှိသည့်နေရာများတွင်မူ မငြှိမ်းသတ်နိုင်သေးကြောင်း မြို့ခံအခြားတစ်ဦးက ပြောဆိုသည်။

“မီးကတော့ လေတိုက်တဲ့အတိုင်း‌ လောင်သွားပြီ။ နေအိမ်တစ်ဆောင်တော့ မီးစကူးလို့ ငြိမ်းလိုက်တယ်။ ဘယ်နှစ်အိမ်လောင်သွားလဲ အတိအကျ မသိရသေးဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။

မီးလောင်သည့်နေရာများမှာ ခြောက်သွေ့သည့် နေရာများ၍ မီးများသဖြင့် မငြှိမ်းသတ်နိုင်သေးပဲ မြို့ရှိ လူနေအိမ်များကို မီးဝင်ရောက်လာသည့် နေရာများကိုသာ ငြှိမ်းသတ်နိုင်သေးကြောင်း ဒေသခံများက ဆိုသည်။

မောတောင်မြို့တွင် ယခင်နှစ်များကလည်း တောမီးလောင်လေ့ရှိကြောင်း ‌ဒေသခံများထံမှ သိရသည်။