ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း စစ်မှုထမ်းအတွက် ဖမ်းဆီး

December 19, 2025

ဓာတ်ပုံ-စစ်ကော်မရှင် ပြန်/ဆက်

ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းတိုင်ပြီးနေထိုင်သည့် လူငယ်များကိုလည်း စစ်မှုထမ်းခိုင်းရန်အတွက် စစ်အာဏာရှင်တပ်က နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ ရှိလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယခင်က ထားဝယ်မြို့ပေါ် သန်းခေါင်စာရင်း(အိမ်ထောင်စု) ဝင်စစ်ပြီး စစ်မှုထမ်းအမည်စာရင်းပါသည့် လူငယ်များကိုသာ အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးမှုများရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလဝန်းကျင်မှစကာ နယ်ဘက်ကျေးရွာများမှ ထားဝယ်မြို့ပေါ်တွင် လာရောက်နေထိုင်ပြီး ဧည့်စာရင်းတိုင်ထားသူများကိုပါ စစ်မှုထမ်းစာရင်းပါသည်ဟုဆိုကာ အိမ်တိုင်ရာရောက် ဖမ်းဆီးမှုများရှိလာကြောင်း ထားဝယ်မြို့ခံအချို့က ဆိုသည်။

အလုပ်လုပ်ရန်အတွက် တနင်္သာရီတိုင်းပြင်ပမှ ထားဝယ်မြို့၊ ကျွန်းမွှေးရပ်တွင် လာရောက်နေထိုင်သည့် လူငယ်အချို့ နိုဝင်ဘာလအတွင်းက ဖမ်းဆီးခံရကြောင်း အဆိုပါရပ်နေ လူငယ်တစ်ဦးက ပြောသည်။

“သုံးယောက်လောက်ရှိမယ်ပါသွားတာ။ ညဘက်ကို ဧည့်စာရင်းစစ်သလိုလာပြီး စစ်မှုထမ်းပါတယ် ပြောပြီး ခေါ်သွားတာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက် အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေအရ သန်းခေါင်စာရင်းတွင် အမည်ပါရှိသည့် မြို့နယ်အလိုက်သာ စစ်မှုထမ်းအမည်စာရင်း ပါရှိရမည်ဖြစ်သော်လည်း ယခုအခါ ဧည့်စာရင်းဖြင့်နေထိုင်သူများကိုပါ စစ်မှုထမ်းခိုင်းရန် အဓမ္မဖမ်းဆီးလာခြင်းဖြစ်သည်။

စစ်အာဏာရှင်တပ် ထိန်းချုပ်ထားသည့် ထားဝယ်မြို့ပေါ်တွင် သန်းခေါင်စာရင်းဖြင့် နေထိုင်သည့် လူငယ်များ နည်းပါးလာသည့်အတွက် ဧည့်စာရင်းဖြင့်နေထိုင်သူများကိုပါ ဖမ်းဆီးလာခြင်းဖြစ်နိုင်ကြောင်း ဧည့်စာရင်းဖြင့် နေထိုင်သူတစ်ဦးက ပြောသည်။

“လူတွေက(သန်းခေါင်စာရင်းဖြင့်နေထိုင်သူ) သိပ်မှမကျန်တော့တာ။ ရှိတဲ့လူကို ဆွဲမှာပဲ။ ဂိတ်တွေမှာတော့ ဘာနဲ့ပဲနေနေ ဆွဲတာပဲ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ဝန်းကျင်ကလည်း တလိုင်းမရပ်ကွက်နှင့် တခြားရပ်ကွက်တစ်ခုတွင် ဧည့်စာရင်းဖြင့်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် လောင်းလုံးဒေသခံလူငယ်နှစ်ဦး စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရသေးသည်။

“ညဘက် နာမည်စာရင်းနဲ့ လာခေါ်တာ။ ခဏလိုက်ခဲ့လို့ခေါ်သွားပြီး မလွှတ်တော့တာ” ဟု အဖမ်းခံရသူတစ်ဦးနှင့် နီးစပ်သူက ပြောသည်။

၎င်းတို့နှစ်ဦးအပြင် စစ်မှုထမ်းအတွက် ဖမ်းဆီးထားသည့် လူငယ် ၃၅ ဦးခန့်ကို ဒီဇင်ဘာ ၁၁ ရက်ဝန်းကျင်တွင် ထားဝယ်မြို့ မြစ်ကမ်းမှ မြိတ်မြို့သို့ ရေလမ်းမှတစ်ဆင့် ပို့ဆောင်လိုက်ကြောင်း အထက်ပါ နီးစပ်သူထံမှ သိရသည်။

မြိတ်မြို့တွင် ကျန်းမာရေးစစ်ဆေးပြီးနောက် ပလောက်မြို့ရှိ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း အထက်ပါနီးစပ်သူက ပြောသည်။

အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်းအပတ်စဥ် (၂၀)ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ ၂၀၀ ခန့် ပါဝင်သည်ကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။