ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စျေးကွက်အဝယ်မရှိသဖြင့် ဂွေးခြောက်လုပ်ကိုင်သူ နည်းလာ

December 19, 2025

မျှင်ငါးပိလုပ်ရာတွင် အဓိကအသုံးပြုသည့် ဂွေးခြောက်ခေါ် မျှင်ခြောက်မှာ ဒေသတွင်း ဝယ်လိုအားသာရှိတော့သဖြင့် ထုတ်လုပ်သူနည်းပါးလာကြောင်း ကျွန်းစုဒေသခံအချို့ထံမှ သိရသည်။

ယမန်နှစ်က ထိုင်းအဝယ်ရှိခဲ့ပြီး ဈေးကောင်းရကြသော်လည်း လက်ရှိတွင် ဒေသတွင်းဝယ်လိုအားသာရှိသဖြင့် လုပ်ကိုင်သူနည်းလာခြင်းဖြစ်သည်ဟု ‌ကျွန်းစုမြို့နယ်နေ ဒေသခံအချို့ကဆိုသည်။

ထိုင်းနိုင်ငံဘက်က မျှင်ခြောက်တန်ချိန် အလုံအလောက် ဝယ်ထားပြီးဖြစ်သည့်အတွက် ယခုနှစ်တွင် အဝယ်နည်းသွားခြင်းဖြစ်နိုင်ကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လယ်အတွင်း ပုစွန်ကဲ့သို့ မျှင်‌ကောင်ငယ်လေးများကို ဖမ်းဆီးကာ နေလှန်းပြီး မျှင်ခြောက်(ဂွေးခြောက်)ပြုလုပ်ကြခြင်း ဖြစ်သည်။

“ဒီနှစ်ဂွေးခြောက် သိပ်မလုပ်ကြဘူး။ဘိတ်(မြိတ်)ကိုပို့တာလောက်ပဲ အနည်းအကျဉ်းလုပ်ကြတာ။ရှေ့နှစ်ကတော့ ရှမ်းကမ်း(ထိုင်းနိုင်ငံ)ကိုပို့ကြတယ်လေ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။

၂၀၂၄ခုနှစ်က မြိတ်မြို့တွင် မျှင်ခြောက်တစ်ပိဿာလျှင် ငွေကျပ် နှစ်သောင်းကျော် ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာ ငွေကျပ်နှစ်သောင်းမပြည့်တော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ဈေးမရှိတော့ မလုပ်ဖြစ်ဘူး။ ငါးပိပဲ လုပ်ဖြစ်နေတယ်။ လမ်းတွေပိတ်ကြတော့ ရေထွက်ကုန်တွေလည်း ဈေးကျမှကျပဲ”ဟု ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုရွာနေ ဒေသခံတစ်ဦးက ပြောသည်။

မျှင်ခြောက်ကို ငါးပိလုပ်ရာတွင် အသုံးပြုသလို သေးငယ်သော ပုစွန်ခြောက်အရွယ်အစား ဖြစ်သဖြင့် ဟင်းလျာများနှင့် အသုပ်များတွင် ပုစွန်ခြောက်အစားထိုးအဖြစ် စားသုံးကြသူများလည်းရှိသည်။