ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကရင်ရိုးရာ နှစ်သစ်ကူးနေ့တွင် ထားဝယ်မြို့၌ ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ကော်မရှင်အဖွဲ့က ညမထွက်ရအမိန့်ကို တစ်ရက်တာ ရုပ်သိမ်းထားကြောင်း မြို့ခံများထံမှသိရသည်။
ညမထွက်ရ အမိန့်တစ်ရက်တာ ရုပ်သိမ်းကြောင်းကို တိုင်းစစ်ကော်မရှင်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ မြို့အနှံ့ အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ညမထွက်ရုပ်သိမ်းတာက ဒီဇင်ဘာ ၁၉ ရက် ကရင်နှစ်သစ်ကူးနေ့ တစ်ရက်တည်းပါ၊ နှစ်သစ်ကူးနေ့ အခမ်းအနားကတော့ အရင်အတိုင်း ရွှေဝယ်သီရိ အားကစားကွင်းမှာ ပြင်ဆင်ထားတာတွေ့ရတယ်”ဟု ယင်းအမျိုးသားကပြောသည်။
ထားဝယ်မြို့ တွင် စစ်ကော်မရှင်သတ်မှတ်ထားသည့် ညမထွက်ရအမိန့်မှာ ည ၁၁ နာရီမှနံနက် ၃ နာရီအထိဖြစ်သည်။
ယနေ့ ထားဝယ်မြို့ ၊ရွှေဝယ်သီရီအားကစားကွင်း၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပြခန်းအချို့ပြသထားသည့်အပြင် စင်တင်တေးဂီတနှင့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကိုလည်း ညလုံးပေါက်ကျင်းပရန် တိုင်းစစ်ကော်မရှင်အဖွဲ့က စီစဉ်ထားကြောင်း မြို့ခံအချို့ကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ထားဝယ်မြို့၌ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကျင်းပရန် တိုင်းစစ်ကော်မရှင်အစိုးရအဖွဲမှ ညမထွက်ရအမိန့် ခြောက်ရက်တာ ရုပ်သိမ်းခဲ့ဖူးသည်။
ယင်းအပြင် ထားဝယ်မြို့၊ကမ်းနားလမ်းရှိ ကမ်နားပန်းခြံနေရာတွင်လည်း လျှပ်စစ်မီးရောင်စုံများ တိုးချဲ့ ထွန်းညှိရန်ပြင်ဆင်နေသလို ထားဝယ်မြစ်အတွင်း ရေပေါ်စားသောက်ဆိုင်အပါအဝင်၊ အပတ်စဉ် စင်တင်ဂီတပွဲများဖြင့် မြို့ခံလူထုကို စည်းရုံရန်လည်း စစ်ကော်မရှင်က စီစဉ်နေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
အာဏာသိမ်းပြီးနောက် ယခု ၂၀၂၅ ခုနှစ်တွင် ထားဝယ်မြို့၌ ညမထွက်မရအမိန့်ကို ပွဲများကျင်းပစဥ် ယာယီရုတ်သိမ်းကာ ပွဲလမ်းသဘင်များကျင်းပခြင်း ပြုလုပ်လာပြီး ပွဲလမ်းသဘင်ကာလများတွင် မြို့အဝင်အထွက်ဂိတ်များနှင့် ညဘက်နေအိမ်များတွင် စစ်မှုထမ်းစုဆောင်းခံရမှုများ ဆက်တိုက်ရှိနေသည်။







