ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် အပတ်စဥ် စတိတ်ရှိုးလုပ်ရန် တိုင်းစစ်ကော်မရှင် စီစဥ်နေ

December 19, 2025

ပုံစာ - ကမ်းနားလမ်း၌ ပြင်ဆင်နေသည့် စတိတ်စင်အားမြင်တွေ့ရစဥ် ။ Photo - Dawei Watch

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့၏ ကမ်းနားလမ်း၌ ယခုလာမည့် ခရစ္စမတ်နေ့မှစကာ သောကြာနေ့တိုင်း အပတ်စဥ် အခမဲ့ စတိတ်ရှိုးပွဲများ ကျင်းပရန် စီစဥ်နေကြောင်း မြို့ခံများထံမှသိရသည်။

ကမ်းနားလမ်း၊ သဲကွင်းတွင် ဒီဇင်ဘာလအတွင်း စတိတ်စင်တစ်ခု အခိုင်အမာဆောက်၍ ပြင်ဆင်မှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း ကမ်းနားလမ်းအနီး နေထိုင်သူများကဆိုသည်။

“စတိတ်စင်က စည်ပင်ကဆောက်နေတာ စည်ပင်အပိုင်ပေါ့။ နောက်ဆိုပွဲတွေအားလုံး အဲဒီမှာလုပ်လိမ့်မယ်။ သောကြာနေ့တိုင်းလည်း free show(အခမဲ့ စတိတ်ရှိုး) လုပ်ဖို့ရှိတယ်။ ဘယ်သူတွေ လာဆိုမယ်တော့ မသိရသေးဘူး ” ဟု တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။

စစ်အာဏာရှင်တပ်နှင့်ပူးပေါင်းကာ စတိတ်ရှိုးအတွက် လုံခြုံရေးကိစ္စ ဆွေးနွေးတိုင်ပင်နေမှုများ ရှိသည်ဟု မျက်မြင်များထံမှ စုံစမ်းသိရှိရသည်။

တိုင်းစစ်ကော်မရှင်သည် ပြီးခဲ့သည့်တန်ဆောင်တိုင်ကာလ (နိုဝင်ဘာလ)တွင် ကမ်းနား(ကွန်ကရစ်)လမ်းကို နိုင်လွန်ကတ္တရာခင်းခဲ့ပြီး ပျံကျစျေးသည်များကို စျေးရောင်းခွင့်မပြုတော့ကြောင်း မြို့ခံများ နှင့် စျေးသည်များထံမှသိရသည်။

ယင်းနောက် ယခုကဲ့သို့ စတိတ်ရှိုးပွဲများ ပြုလုပ်ရန်စီစဥ်လာခြင်းဖြစ်သည်။

ကမ်းနားလမ်းတွင် အာဏာမသိမ်းမီ ကလည်း အများပြည်သူနှင့် သက်ဆိုင်သည့်အခမ်းအနားများကို ယာယီစတိတ်စင်များနှင့်သာ ပြုလုပ်ခဲ့ဖူးပြီး ယခုပြုလုပ်မည့် အပတ်စဥ်စတိတ်ရှိုးကဲ့သို့ အစီအစဥ်များ မပြုလုပ်ဖူးကြောင်း မြို့ခံများကဆိုသည်။

ယင်းစတိတ်စင် တည်ရှိသည့် တစ်ဖက်ကမ်းလောင်းလုံးမြို့နယ်တွင်မူ သီတင်းကျွတ်ကာလကတည်းက တိုက်ပွဲအတွင်း စက်ပစ္စည်းများထိခိုက်မိကာ စက်ချို့ယွင်းမှုကို ပြန်လည်မပြင်ဆင်နိုင်သေးဘဲ လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ နှစ်လကျော်ကြာပြီဖြစ်သည်။