ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန္ဒပြကျောင်းသားခေါင်းဆောင် လုပ်ကြံခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုများဖြစ်

December 19, 2025

ဓာတ်ပုံ - AFP ၊ EPA ၊ Reuters ၊ X/@ndtv

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာ၌ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည်။

၂၀၂၄ ခုနှစ်က ကျောင်းသားဆန္ဒပြပွဲများကို ဦးဆောင်သည့် လူငယ်ခေါင်းဆောင် ရှရစ်ဖ်အော့စမန်ဟာဒီ လုပ်ကြံခံရကာ စင်္ကာပူဆေးရုံတွင် ကွယ်လွန်သွားပြီးနောက် အဆိုပါ အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၎င်းသည် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဒါကာမြို့ရှိ ဗလီတစ်ခုမှ ထွက်လာစဉ် မျက်နှာဖုံးစွပ် သေနတ်သမားများက ၎င်းအား ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။

ဆေးကုသမှုခံယူရန် စင်ကာပူရှိ ဆေးရုံသို့ လေယာဉ်ဖြင့် ရှရစ်ဖ်အော့စမန်ဟာဒီကို ပို့ဆောင်ခဲ့သော်လည်း ယမန်နေ့ ကြာသပတေးနေ့တွင် ရရှိထားသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် အသက် ၃၂ နှစ်အရွယ်ရှိ ရှရစ်ဖ် အော့စမန်ဟာဒီ သေဆုံးကြောင်း သတင်းထွက်ပေါ်လာပြီးနောက် လူထောင်ပေါင်းများစွာက ဒါကာမြို့ လမ်းမများပေါ်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

၎င်းအား လုပ်ကြံသူများကို ဖမ်းဆီးပေးရန် ယင်းသို့ တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မြို့တော်ဒါကာရှိ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

နိုင်ငံ၏ ထိပ်သီးသတင်းစာတိုက်နှစ်ခုရှိရာ အဆောက်အအုံများလည်း မီးရှို့ဖျက်ဆီးခံရခဲ့သည်။

သတင်းစာတိုက် ဝန်ထမ်းအချို့ မီးရှို့ခံရသည့် အဆောက်အအုံအတွင်း ပိတ်မိနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကွယ်လွန်သူ ရှရစ်ဖ် အော့စမန် ဟာဒီသည် ပြီးခဲ့သည့်နှစ် ကျောင်းသားဆန္ဒပြပွဲများတွင် အဓိကကျသူတစ်ဦး ဖြစ်သည်။

ယင်းဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ကာ ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ကွယ်လွန်သူ ရှရစ်ဖ် အော့စမန် ဟာဒီသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူလည်း ဖြစ်သည်။

Source: AFP/CNA/kg