တင်းမာမှုများကို လျှော့ချကာ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံစလုံးက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားခွန်းက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နှစ်နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးများ သီးခြားစီ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရတ်ဆိုခွန်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကေတူတို့နှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ကော့ကျားခွန်းက ဆိုသည်။
“ကမ္ဘောဒီးယားရော ထိုင်းဘက်ကပါ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ကြပါတယ်” ဟု ကော့က ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။
“ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ အမြဲတစေ တိုက်တွန်းခဲ့သလို မျှတပြီး ဘက်မလိုက်တဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းထားပါတယ်။ တစ်ဖက်မှာလည်း အာဆီယံရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေကို ထောက်ခံအားပေးနေပါတယ် ဆိုတာကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တစ်ဦးကိုလည်း နှစ်နိုင်ငံကြား သွားရောက်စေ့စပ်ပေးဖို့ စေလွှတ်ထားပါတယ်”ဟု ကော့ကျားခွန်းက ဆိုသည်။
“တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံကြား ပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ဖို့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
Source: Fresh News English







