ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်၊ ခရစ်ယာန်ကျောင်း ထိခိုက်ပျက်စီး

December 19, 2025

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုတွင် ‌စစ်အာဏာရှင်တပ်က ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ခရစ်ယာန်ကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ရက် ညနေ ၃နာရီဝန်းကျင်တွင် ပဝကျေးရွာအုပ်စု၊ ပဝထိန်ရွာကို မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က ကာမီကာဇေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပဝရွာ ဒေသခံများက ဆိုသည်။

ကာမီကာဇေဒရုန်းမှာ ဒရုန်းကို ပျက်စီးဆုံးရှုံးခံပြီး တိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်သည်။

“ကျောင်းက ထိခိုက်မှုရှိတယ်။ ကျောင်းပြတင်းပေါက်၊ နံရံတွေ အပေါက်တွေဖြစ်ကုန်တယ်။ မှန်တွေလည်း ကွဲကုန်တယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မော်တုန်းရွာအခြေစိုက် ၃၀၆အမြောက်တပ်က ဒရုန်းတက်သွားသည်ကို မြင်နေရကြောင်း မော်တုန်းရွာ ဒေသခံများက ပြောဆိုသည်။

စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ ပဝကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်ပြီး ယင်းနေရာမှာ တော်လှန်‌ရေးတပ်များ ထိန်းချုပ်သည့် နယ်မြေဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်ဘက်က ကာမီကာဇေဒရုန်းကို တနင်္သာရီမြို့နယ်တွင် ပထမဆုံး အသုံးပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်ကောင်စီဘက်က အလစ်ငိုက်ချတယ်။ တနင်္သာမြို့နယ်တစ်ခွင်မှာ စစ်ကောင်စီဘက်က ပထမဆုံးသုံးတဲ့ ကာမီကာဇေ ဖြစ်တယ်။ အရင်တုန်းက အဲဒီဒရုန်းကို တစ်ခါမသုံးသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ရက် ညနေ ၄နာရီဝန်းကျင်တွင် ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ်က ဘန်းလမွတ် ကျေးရွာ ဒေသအခေါ် ကျွဲသုံးပေါင်တောင်ပေါ်ရှိ ဥယျာဥ်ခြံထဲကို ဒရုန်းဖြင့် ဗုံးချသဖြင့် တဲတစ်ဆောင်မီးလောင်ခဲ့သေးသည်။