ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးတိမ်းရှောင်ပြီး ဥယျာဉ်ခြံများနှင့် တောထဲတွင် နေထိုင် နေကြသည့် စစ်ဘေးရှောင် ရှစ်ရာကျော် အမိုးကာ၊ စားနပ်ရိက္ခာနှင့် စောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်နှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။
အဆိုပါ စစ်ရှောင် ရှစ်ရာကျော်တွင် အသက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးနှင့် သံဃာများ အများစုဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“တောထဲမှာ ရှောင်နေရတော့ ပင်ပန်းကြတယ်။ သက်ကြီးရွယ်အိုတွေ၊ သားငယ်တွေ (ကလေး) များတော့ တဲတွေကို ဆောက်ရ ပင်ပန်းတယ်။ အချို့ဆိုရင် မီးဖွားထားတဲ့ သူတွေလည်း ပါလာကြတယ်။ အမိုးကာတွေက လုံလောက်မှု မရှိသေး ဘူး။ စောင်တွေလည်း လိုနေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင် အများစုတွင် စားနပ်ရိက္ခာအပြင် ချက်ပြုတ်စားသောက်ရန်အတွက် အိုး၊ ခွက်၊ ပန်းကန်များလည်း မပါလာသည့်အတွက် လိုအပ်ချက်များစွာရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသည့် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ်က မောတောင်မြို့နှင့် အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ရှောင်ရမှာက လနှင့်ချီပြီး ကြာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ မိုးရွာချိန်ဆို အမိုးမရှိလို့ မအိပ်ရဘဲ ထထိုင်ပြီးနေနေ ရတယ်။ ပျော်ရွက် (ငှက်ပျော်ရွက်) တွေနဲ့ မိုး(ကာ)ပြီးနေနေကြတယ်။ တလာပတ်တွေပါတဲ့ သူကနည်းတယ်” ဟု စစ်ဘေးရှောင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မောတောင်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် အိမ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများက ဆိုသည်။
မောတောင်မြို့နှင့် နီးစပ်သည့် အမှတ်၁ရွာ၊ အမှတ်၂ရွာနှင့် ကျေးရွာ၁၀ကျော်ရှိ ဒေသခံများသည်လည်း လေကြောင်း အန္တရာယ်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။






