သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းတွင် ကားများနှင့် ခရီးသည်ရာနှင့်ချီ ပိတ်မိနေသည်မှာ တစ်ပတ်ခန့်ရှိလာပြီ ဖြစ်ကြောင်း ခရီးသွားများနှင့် သရက်ချောင်းမြို့နယ် ဒေသခံအချို့က ပြောသည်။
ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသဖြင့် စစ်ရေးအခြေအနေကြောင့် ယင်းလမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တို့က လမ်းပိတ်ထားကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ပိတ်မိနေတာ ခြောက်ရက်ရှိပြီ။ တချို့ကားတွေ ပြန်လှည့်တာတွေလည်းရှိတယ်။ ပရိုဘောက်တွေနဲ့ ထားဝယ် ဘက်ကို ပြန်လှည့်တဲ့ကားတွေမှာ လူငယ်အမျိုးသားတွေဆို မလိုက်ရဲဘူး။ ဖမ်းပြီး ခေါ်ထားမှာစိုးလို့” ဟု လမ်းတွင် ပိတ်မိ နေသည့် ခရီးသွားအမျိုးသားတစ်ဦးက ပြောဆိုသည်။
သရက်ချောင်းမြို့နယ် စုံစင်ဖျား၊ မင်းဒပ်၊ သိမ်ကုန်း၊ ချောက်ချောင်း၊ ပြင်းဖြူကြီးမှ ပုလောမြို့နယ်အဝင် ဆင်ထိုးကြီးရွာ အထိ လမ်းတစ်လျှောက် ပိတ်မိနေပြီး ကုန်တင်ကားနှင့် ခရီးသည်တင်ကား ရာနှင့်ချီရှိနိုင်ကြောင်း ၎င်းက ပြောသည်။
လမ်းတွင် ပိတ်မိနေသည့် ခရီးသည်များကို ရွာသူ၊ ရွာသားများက ထမင်းဟင်းချက်ပြီး လှူကြောင်း အဆိုပါ လမ်းပိုင်းရှိ ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“လူတော့အများကြီးပဲ၊ တို့ရွာမှာ ထမင်းဆိုင်လည်း မရှိဘူးဆိုတော့ ရွာသူရွာသားတွေပဲ သူလှူငါလှူနဲ့ ထမင်းချက်ကျွေး ဖြစ်နေတာ။ ကုန်ကားတွေကတော့ သူတို့ဘာသာချက်စားကြပါတယ်၊ ခရီးသည်တွေကတော့ ရွာက မကျွေးရင် ဘယ်မှာ သွားစားမလဲ၊ တခြားရွာတွေမှာလို ထမင်းဆိုင်ရှိရင်တော့တစ်မျိုးပေါ့” ဟု ၎င်းပြောသည်။
အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၁ ရက်ဝန်းကျင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက်အထိ သရက်ချောင်းမြို့နယ် ဆင်ကူးရွာမှ ဘုတ်တောင်အထိ ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးနေသည်။
အဆိုပါစစ်ကြောင်းသည် လဘ၊ ချောက်ချောင်း၊ သိမ်ကုန်း၊ ကတွဲရွာက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်အာဏာရှင်တပ်၏ လေယာဉ်များလည်း မကြာခဏ ဝဲပျံနေပြီး ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်ကြောင်း ခရီးသည်များနှင့် ဒေသခံများက ပြောဆိုကြသည်။
လမ်းကြောင်းတွင် ပိတ်မိသည့် ရက်ရှည်ကြာလာပြီဖြစ်သဖြင့် စားရေးသောက်ရေး အခက်အခဲဖြစ်လာကြောင်း ၎င်းတို့က ဆိုသည်။
စစ်ရေးလိုအပ်ချက်အရ ထားဝယ်-မြိတ်ကားလမ်းကို သရက်ချောင်းမြို့နယ်မှ ပလောက်အထိကို နိုဝင်ဘာလ ၈ ရက်မှ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) တပ်ခွဲ (၂) က ထုတ်ပြန်ထားသည်။
စစ်ကြောင်းထိုးနေသည့် အခြေအနေပေါ်မူတည်ပြီး ကားလမ်းကို သက်ဆိုင်ရာတော်လှန်ရေးအင်အားစုဘက်က ဖြတ်သန်းသွားလာခွင့်ပြုပေးကြောင်း ဒေသခံများနှင့် ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူတို့က ပြောသည်။







