ထားဝယ်မြို့ ကမ်းနားဈေးအနီး ဆိပ်ကမ်းသာလမ်းဘေး ဝဲယာ၌ရောင်းချနေသည့် ပျံကျဈေးသည်များကို ယနေ့မှစ၍ ကမ်းနားဈေးသစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဈေးသူ၊ ဈေးသားများနှင့် မြိုခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁၉ ရက်မှစ၍ ကမ်းနားလမ်းဘေးဝဲယာတွင် နံနက်ပိုင်း ဈေးရောင်းချသူများ ရောင်းချခြင်းမပြုရန် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းကစ၍ ပျံကျဈေးသည်များမှာ ဆိပ်ကမ်းသာမင်္ဂလာခန်းမ၏ အနောက်ဘက်တွင် ရှိသော မေတ္တာကမ္ဘာအေးပျံကျဈေးသစ်နေရာသို့ ပြောင်းရွှေ့ရကြောင်း မြို့ခံများက ပြောသည်။
ကမ်းနားဈေးတွင် ရေထွက်ကုန်၊ စားဖိုဆောင်သုံးကုန် ရောင်းချသည့် စျေးသည်များသာ ကျန်ရှိပြီး ကုန်စိမ်းနှင့် ဒေသထွက်ကုန်ရောင်းချသည့် စျေးသည်အများစုမှာ ဈေးသစ်နေရာသို့ ရောက်ရှိသွားသဖြင့် နယ်လှည့် ဈေးသည်များ ဈေးဝယ်ရာတွင် အချိန်ကုန်ကာ အခက်အခဲဖြစ်ကြောင်း နယ်လှည့်ဈေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အစက တစ်နေရာတည်းရတော့ ဈေးဝယ်ရတာမြန်တယ်။ အခုက ဟင်းရွက်တွေ ဒေသထွက်ကုန်တွေက တစ်နေရာ၊ အသားငါးက တစ်နေရာ လိုက်ဝယ်နေရတော့ အချိန်ကုန်တယ်၊ လူပင်ပန်းရတယ်” ဟု ၎င်းက ပြောဆိုသည်။
ပျံကျဈေးသည်များ ကမ်းနားဈေးမှ မေတ္တာကမ္ဘာအေးဈေးသို့ ပြောင်းရွှေ့ပြီးနောက် မူလကမ်းနားဈေးတွင် ယနေ့ နံနက်ပိုင်းက ဈေးဝယ်သူနည်းပါးသွားကြောင်း ကမ်းနားဈေးရုံအတွင်း ကုန်ခြောက်ရောင်းသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီနေ့ သိသိသာသာ လူပါးသွားတယ်။ ကုန်စိမ်းနဲ့ ဒေသထွက်ကုန် မရှိတော့ ဒီမှာက ငါးနဲ့ ကုန်ခြောက်ပဲ ရှိတော့တယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။
မေတ္တာကမ္ဘာအေးဈေးသစ်နေရာတွင် ပျံကျဈေးသည်များ ဈေးရောင်းချရန်အတွက် ယနေ့ နံနက်တွင် သုံးပေ ပတ်လည်ခန့် အကျယ်ရှိသော မြေနေရာများကို ထုံးအဖြူအမှတ်အသားပြု၍ သတ်မှတ်ပေးထားသည်ကို တွေ့ရှိခဲ့ရသည်။
“ဟိုမှာတုန်းက ဈေးကောက်တစ်ထောင်ပေးရတာလည်း ရှိတယ်။ ငါးရာပေးရတာလည်း ရှိတယ်။ ဒီမှာတော့ တစ်နေ့ကို ၂၀၀၀ပေးရမယ်လို့ ကြားရတယ်” ဟု ဈေးသည်တစ်ဦးက ပြောဆိုသည်။
ဈေးကောက် ကောက်ခံခြင်းနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကမူ ဆိပ်ကမ်းသာလမ်းမအား ကတ္တရာကွန်ကရစ်လမ်းအဆင့်မြှင့်တင်ပြီး ဈေးရောင်းခြင်းကြောင့် ကတ္တရာကွန်ကရစ်လမ်း ပျက်စီးစေနိုင်သဖြင့် ရောင်းချခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။







