ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများ အနမ်းပေးသည့် အပြုအမူသည် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၀ ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် လေ့လာမှုတစ်ရပ်က ဆိုသည်။
အနမ်းပေးခြင်းသည် လူသားချစ်သူများထံမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် နှစ်သန်း ၂၀ ခန့်က မျောက်ဝံကြီးများ၏ ရှေးဦးဘိုးဘွားများထံမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတွေ့ရှိချက်က ဆိုသည်။
အနမ်းပေးခြင်းသည် ဆင့်ကဲဖြစ်စဉ်အရ ရှင်သန်မှုအတွက် သိသာထင်ရှားသည့် အကျိုးကျေးဇူး မရှိသည့်အပြင် ရောဂါ ပျံ့နှံ့မှုပါ ဖြစ်စေနိုင်သော်လည်း အနမ်းပေးခြင်း မည်သည့်အချိန်က စတင်ခဲ့သည်ကို အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဖလော်ရီဒါနည်းပညာအင်စတီကျု(Florida Institute of Technology)မှ သုတေသီများက လေ့လာခဲ့ကြသည်။
လူသားများ၊ ချင်ပန်ဇီများ၊ ဘိုနိုဘိုများ၊ အော်ရန်ဂူတန်များနှင့် ဂေါ်ရီလာများအားလုံးသည် အနမ်းပေးလေ့ရှိကြပြီး အနမ်းပေးသည့် အလေ့အထသည် ဘုံတူညီသည့် ရှေးဦးသက်ရှိဘိုးဘွားသတ္တဝါထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။
ပထမဆုံး အနမ်းပေးမှု စတင်သည့် ကာလကို တွက်ချက်နိုင်ရန် သုတေသီများက မျောက်ဝံများ၏ အပြုအမူဆိုင်ရာ လေ့လာတွေ့ရှိချက်များနှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဆက်နွှယ်မှုများအပေါ် အခြေခံသည့် ဒေတာအချက်အလက်များကို ပေါင်းစပ်လေ့လာခဲ့သည်။
“ဒီအရေးကြီးတဲ့ ဒေတာနှစ်မျိုးကို အသုံးပြုပြီး ကျွန်တော်တို့ဟာ မတူညီတဲ့ ဆင့်ကဲဖြစ်စဉ် အခြေအနေတွေကို ပုံဖော်ကြည့်နိုင်တဲ့ ချဉ်းကပ်ပုံမော်ဒယ်တစ်ခုကို အသုံးပြုခဲ့ပါတယ်” ဟု အောက်စဖို့ဒ်တက္ကသိုလ် ဇီဝဗေဒဌာနမှ သုတေသီMatilda Brindle က ဆိုသည်။
ယင်းကွန်ပျူတာမော်ဒယ်ကို အကြိမ်ပေါင်း သန်းနှင့်ချီ လည်ပတ်ကြည့်ရာ သက်ရှိများ၏ ပထမဆုံးသော အနမ်းပေးမှုသည် လွန်ခဲ့သော နှစ်သန်း ၂၁ ဒသမ ၅ မှ ၁၆ ဒသမ ၉ ကြားတွင် ဖြစ်ပေါ်ခဲ့သည်ဟု သတ်မှတ်နိုင်ခဲ့သည်။
အဆိုပါ တွေ့ရှိချက်များကို Evolution And Human Behavior အမည်ရှိ ဂျာနယ်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။
ယင်းလေ့လာမှုတွင် ‘အနမ်းပေးမှု’ကို သုတေသီများ၏ အဓိပ္ပါယ်ဖွင့်ဆိုမှုမှာ “အစားအစာ လွှဲပြောင်းပေးခြင်း မပါဝင်သည့် ၊ရန်လိုခြင်းမရှိသည့် ပါးစပ်ချင်းထိတွေ့မှု” ပင် ဖြစ်သည်။
ယင်းတို့တွင် လိင်စိတ်အခြေခံ အနမ်းပေးမှုအပြင် ၊ မိသားစုဝင်များအကြား သို့မဟုတ် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခြင်းကဲ့သို့ ရင်းနှီးမှုပြသည့် အနမ်းများလည်း ပါဝင်သည်။
သက်ရှိများ၏ အနမ်းပေးမှု မည်သို့ပေါ်ပေါက်လာသည်၊ အဘယ်ကြောင့် ဆက်လက်တည်ရှိနေသည်ဆိုခြင်းမှာ ဆက်လက်ငြင်းခုံနေရမည့် အကြောင်းအရာပင်ဖြစ်ကြောင်း ဖော်ပြထားသည်။







