ကမ္ဘာကျော်အမေရိကန် Rap အဆိုတော် Eminem သည် ‘Swim Shady’အမည်ဖြင့် ဩစတြေးလျအခြေစိုက် ကမ်းခြေအသုံးအဆောင် ကုမ္ပဏီတစ်ခုကို တရားစွဲဆိုလိုက်သည်။
‘Swim Shady’ဆိုသည့် ကုမ္ပဏီအမည်သည် Eminem ၏ မှတ်ပုံတင်ထားပြီး Rap အဆိုတော် နာမည်ပြောင် Slim Shady နှင့် အလွန်ဆင်တူသည့်အတွက် ယင်းသို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ကုမ္ပဏီဘက်က Swim Shady ဆိုသည့်အမည်သုံးစွဲမှုကို ရုတ်သိမ်းရန် ယခုနှစ် စက်တင်ဘာလတွင် အဆိုတော် Eminem က အမေရိကန် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံးသို့ လျှောက်လွှာတင်သွင်း တိုင်ကြားခဲ့သည်။
အမေရိကန်ဥပဒေအရ အဆိုပါတိုင်ကြားမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်က နောက်အပတ်တွင် တုံ့ပြန်ဖြေရှင်းပေးရမည် ဖြစ်သည်။
‘Swim Shady’ ဆိုသည့်အမည်သည် ဆစ်ဒနီမြို့အခြေစိုက် ယင်းကုမ္ပဏီနှင့် Eminem အကြား ဆက်နွယ်မှုရှိသည့်နှယ် ထင်ယောင်ထင်မှား ဖြစ်စေသည်ဟု အဆိုတော်၏ ရှေ့နေများက ပြောသည်။
ကုမ္ပဏီကဘက်ကလည်း ၎င်းတို့၏ မူပိုင်ခွင့်ကို ကာကွယ်သွားမည်ဟု တုံ့ပြန်ထားသည်။
ဩစတြေးလျအစိုးရ၏ အဆိုအရ ယင်းကုမ္ပဏီသည် မူလက Slim Shade အမည်ဖြင့် စတင်မှတ်ပုံတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လက်ရှိအမည် Swim Shady သို့ ပြောင်းလဲမှတ်ပုံတင်ခဲ့ကြောင်း သိရသည်။
ခရီးဆောင်ကမ်းခြေထီးများ၊ ရေကူးအိတ်များနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများကို ရောင်းချသည့် အဆိုပါ ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်တွင် တရားဝင် လုပ်ငန်းစတင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် အစောပိုင်းတွင် ယင်းကုမ္ပဏီက “Swim Shady” ဆိုသည့် နာမည်ဖြင့် အမေရိကန်တွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ရန် လျှောက်ထားခဲ့ရာ အောင်မြင်ခဲ့သည်။
ယင်းနောက် များမကြာမီတွင် အဆိုတော် Eminem ဘက်က ယင်းကုန်အမှတ်တံဆိပ်ကို ပယ်ဖျက်ရန် လျှောက်လွှာတင်သွင်းတိုင်ကြားခဲ့ခြင်းဖြစ်သည်။
Source: BBC







