အာဏာရှင်တွေရဲ့ အတုအယောင် ပြည်ထောင်စုစနစ်ဆိုတာကို အမြစ်ကလှန်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ သာတူညီမျှစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။
သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး ဖက်ဒရယ်အတုနဲ့ မျက်လှည့်ပြဖို့ကြိုးစားနေပါတယ်။
စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို ကောင်းစွာနားလည်နေတဲ့ တော်လှန်ပြည်သူလူထုကတော့ ဖက်ဒရယ်ခြေလှမ်းကို ရဲရဲလှမ်းနေကြပါပြီ။ ဒါပေမဲ့ လူမျိုးရေးမိုင်းတွေကတော့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတာကြောင့် ဒေသအတော်များများမှာ အာဏာရှင်စစ်တပ်က ကြီးစိုးနိုင်မှု နည်းလာနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေ များလာနေတဲ့ အခြေအနေမှာ လူမျိုးရေး ပွတ်တိုက်မှုတွေ အနည်းငယ်ရှိလာပါတယ်။
လူမျိုးစုံအတူယှဉ်တွဲ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီအခြေအနေကြောင့် လူမျိုးရေးပွတ်တိုက်မှုတွေက အနည်းနဲ့အများရှိလာမယ်ဆိုတာ အားလုံးက ကြိုတင်တွက်ဆထားကြပေမယ့် လူမျိုးရေးပဋိပက္ခကို ဦးတည်မသွားဖို့လည်း ကြိုပြင်ထားရမယ်ဆိုတဲ့ ထောက်ပြလာတာတွေလည်း ရှိနေကြပါပြီ။
တနင်္သာရီတိုင်းမှာဆိုရင်လည်း ကရင်၊ ထားဝယ်၊ မြိတ်(တနင်္သာရီ)၊ မွန်၊ ဗမာ၊ မော်ကင်း စတဲ့ တိုင်းရင်းသားပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရာစုနှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်နေကြပါတယ်။
မကြာသေးခင်က ကောက်ယူထားတဲ့ ‘တနင်္သာရီဒေသခံများ၏ ဒေသတွင်း လူမျိုးစု စုံလင်ကွဲပြားမှုအပေါ် သဘောထားစစ်တမ်း’အရ စစ်တမ်းမှာ ဖြေဆိုသူတွေက တနင်္သာရီဒေသကို လူမျိုးစုပေါင်းစုံ နေထိုင်တဲ့ စုံလင်ကွဲပြားသော ဒေသတစ်ခုအဖြစ် လက်ခံရှုမြင်တာကို တွေ့ရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းထဲမှာရှိတဲ့ လူမျိုးစုတွေအကြားမှာ လူမှုသဟဇာတဖြစ်မှုရှိတယ် ဆိုတာကိုလည်း စစ်တမ်းမှာတွေ့ရပါတယ်။
တနင်္သာရီတိုင်းမှာ တော်လှန်ရေး အားကောင်းတဲ့ ဒေသအများအပြားရှိနေပြီး စစ်အာဏာရှင်တပ် ထိန်းချုပ်ဒေသက နည်းသထက်နည်းလာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တော်လှန်ရေးအရှိန် တန့်စေမယ့် လူမျိုးရေးမိုင်းတွေက အာဏာရှင်စစ်တပ်အတွက် လက်နက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
တနင်္သာရီတိုင်းမှာ လူမျိုးစုံယှဉ်တွဲနေထိုင်တာကြောင့် ပွတ်တိုက်မှုအချို့ ဖြတ်တတ်တဲ့ သဘာဝရှိပေမယ့် အခုလိုအချိန်မျိုးမှာ ဒါကိုအသုံးချပြီး လူမျိုးရေးပဋိပက္ခတွေအထိ ဦးတည်လာအောင် လုပ်ဆောင်မှာမျိုးတွေကို သတိထားဖို့ လေ့လာသူတွေက ထောက်ပြနေကြပါပြီ။
နွေဦးတော်လှန်ရေး လေးနှစ်ကျော်လာတဲ့ ဒီကနေ့အချိန်မှာတော့ လူမှုကွန်ရက်တွေပေါ်မှာ လူမျိုးရေးမုန်းတီးမှုဆန်ဆန် လှုံ့ဆော်ရေးသားတာတွေ တွေ့လာရပါတယ်။ သရက်ချောင်း၊ ပုလောမြို့နယ်တွေဘက်က အချို့မြေပြင်အခြေအနေမှာလည်း တစ်ဖက်နဲ့တစ်ဖက်ကြား ဒီကိစ္စတွေဟာ လူထုကြားထဲ ဖွဲမီးလို တအုံနွေးနွေးဖြစ်တည်လာနေတာမျိုး တွေ့ရှိလာတာကြောင့်လည်း ဒီလိုစိုးရိမ်တကြီး ထောက်ပြနေကြတာပါ။
ဒါ့ကြောင့် တနင်္သာရီတိုင်းအတွင်း လူမျိုးရေးပဋိပက္ခတွေ ရှောင်ရှားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်မှာ အင်အားစု ခေါင်းဆောင်တွေ၊ ပြည်သူလူထုတွေကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။
“အတူတူ တိုင်းပြည်ကိုတည်ဆောက်လို့ရတယ်။ အတူတူ တိုင်းပြည်ကို အုပ်ချုပ်ပြီးတော့ တိုးတက်မှု အတူတူလုပ်ကြလို့ရတယ်”
ပဒိုစောအယ်နား၊ အတွင်းရေးမှူး၊ KNU တပ်မဟာ ၄ ၊ မြိတ်-ထားဝယ်ခရိုင်
DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။
ဖြေ ။ လူမျိုးရေး၊ ဘာသာရေးအခြေခံပြီး ပွတ်တိုက်မှုတွေကျတော့ ရှိနေတယ်ပေါ့နော်။ တိုင်းပြည်တိုင်း ရှိတာပေါ့နော်။ အထူးသဖြင့် ဒီလိုမျိုးကွဲပြားမှုတိုင်းပြည်လိုပေါ့နော်။ ကျွန်တော်တို့ KNU က ကျတော့ အနာဂတ်မြန်မာပြည်နိုင်ငံ တည်ထောင်ခြင်းအပေါ်မှာ ဖယ်ဒရယ်နဲ့ ဒီမိုကရေစီအခြေခံပြီးတော့ တည်ထောင်တာဖြစ်တယ်။ ဒီလိုမျိုးကြိုးစားပြီး တည်ထောင်တဲ့အကြောင်းအရင်းကတော့ မြန်မာပြည်မှာ မတူကွဲပြားမှုတွေ လူမျိုးတွေ နေထိုင်တဲ့တိုင်းပြည်ဖြစ်တဲ့ အတွက်ကြောင့် ဖယ်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးမှသာ တည်ထောင်လို့ရတယ်ပေါ့နော်။
အဲဒါကြောင့် ကျွန်တော်တို့ မတူကွဲပြားခြင်းလူမျိုးတွေ နေထိုင်တဲ့တိုင်းပြည်တစ်ခုကို ဖယ်ဒရယ်အုပ်ချုပ်ရေးစနစ်၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တည်ထောင်နိုင်မှ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အသိအမှတ်ပြုခြင်း၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အခွင့်အရေး ကာကွယ်ပေးခြင်း၊ ပြည်သူလူထုရဲ့အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ အာမခံပေးနိုင်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တဲ့အတွက်ကြောင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်နိုင်မှ မတူကွဲပြားမှုတွေက သဟဇာတ ဖြစ်မယ်။ တိုင်းရင်းသားတစ်မျိုးနဲ့ တစ်မျိုး၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကလည်း ဖိနှိပ်မှုတွေလည်း မရတော့ဘူး။ လူမျိုးအားလုံးကို တန်းတူအခွင့်အရေးရှိတဲ့အတွက်ကြောင့် ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်တာ ရမှသာ အောင်မြင်မယ်။
DW ။ ဒီလိုပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှုတွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလို ဖြစ်သွားတာတွေလည်း ရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။
ဖြေ ။ အခုနိုင်ငံရေးစနစ်ပေါ့နော်။ အုပ်ချုပ်ရေးစနစ်ကို ကြိုးစားပြီးတော့ တည်ထောင်တဲ့အချိန်မှာ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို တိုက်ခဲ့နိုင်ပြီးမှ တည်ထောင်လို့ရမယ်။ ပြီးတော့ စစ်အာဏာရှင်စနစ် မကဘဲနဲ့ လူမျိုးကြီးဝါဒ စနစ်ကိုလည်း တိုက်ဖျက်နိုင်မှ တည်ထောင်လို့ရတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးရဲ့ ပဋိပက္ခတွေ အမြင်မတူတာတွေတော့ ရှိတယ်။ ဒါပေမဲ့အမြင်မတူတာတွေ မတူကွဲပြားမှုတွေကတော့ ကျွန်တော်တို့ကတော့ တစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ အပြန်အလှန်အသိအမှတ်ပြုခြင်းပေါ့နော်။ ပြီးတော့ နားလည်မှုတည်ဆောက်ခြင်း၊ ရင်းနှီးမှုတည်ဆောက်ခြင်းရှိမယ်ဆို ကျွန်တော်တို့က အတူတူနေလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ရတဲ့အတွက်ကြောင့် အဲဒီလွတ်လပ်ခွင့်က မရှိဘူး။ အဲဒါကြောင့် သူတို့ကလည်း ဒီမိုကရေစီစနစ်ဆိုတာက မခံစားဖူးတဲ့အတွက်ကြောင့် တစ်ခါတစ်လေ သူတို့အသိုင်းအဝိုင်းထဲမှာ ရှေးခေတ်ယုံကြည်မှု အစဉ်အလာတွေ ရှိသေးတဲ့အတွက်ကြောင့် လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာတော့ ဝေဖန်မှုတွေ မတူညီမှုတွေ ဆက်ဆံတာတွေ ရှိတာပေါ့နော်။ဒါပေမဲ့ ဒါကအဓိကမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်စနစ်မရှိရင် ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့အခါမှာ လူမျိုးချင်း မတူကွဲပြားမှုနဲ့ အခြားမတူကွဲပြားမှုကို အခွင့်အရေးအကာအကွယ်ပေးရမှာ။ အပြန်အလှန် အသိအမှတ်ပြုခြင်း ရှိတဲ့အတွက် အတူတူနေထိုင်လို့ရတယ်။ အတူတူ တိုင်းပြည်ကို တည်ဆောက်လို့ရတယ်။ အတူတူ တိုင်းပြည်ကို အုပ်ချုပ်ပြီးတော့ တိုးတက်မှုအတူတူလုပ်ကြလို့ရတယ်။
DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားတာတွေလည်း ရှိခဲ့တယ်။ ဒီလိုအခြေအနေတွေက ဖြစ်လာနိုင်တယ်လို့ ယူဆလား။
ဖြေ ။ များသောအားဖြင့် စစ်အာဏာရှင်အုပ်ချုပ်ရေးကာလမှာ သူတို့က ဝါဒဖြန့်တာတော့ရှိတာပေါ့နော်။ ဒီတိုင်းရင်းသားတွေက ခွဲထွက်ချင်တယ်။ သူတို့က စည်းလုံးညီညွတ်မှုကို ပြိုကွဲတယ်။ သူတို့က ပုန်ကန်တယ် နိုင်ငံတော်ကို ပုန်ကန်တယ်။ ဒါတွေက သူတို့အမြဲတမ်းလုပ်နေတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေ တခြားလူမျိုး ခံစားချက်တွေကို သူတို့မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရ အခွင့်အရေးတွေကို သူတို့က အခြေခံဥပဒေထဲမှာ ကာကွယ်ပေးတာလည်း မရှိဘူး။ နိုင်ငံရေးအခွင့်အရေးလည်း မရှိဘူး။ အဲဒီအတွက်ကြောင့် တော်လှန်ရေးလုပ်တယ်။ နိုင်ငံရေးကို ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်ချင်တာကို ခွဲထွက်ချင်တာမဟုတ်ဘူး။ ဗမာပြည်နိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်အသစ်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို လူမျိုးအားလုံးယှဉ်တွဲနေထိုင်အုပ်ချုပ်တဲ့ စနစ်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က တောင်းဆိုတာသာ ဖြစ်တယ်။
ဒါ့ကြောင့် စစ်အာဏာရှင်က ပဋိပက္ခတွေဖန်တီးတယ်။ မဟုတ်မမှန်တဲ့ ဝါဒဖြန့်တာတွေ ပြည်သူလူထုအပေါ်မှာ ရိုက်သွင်းပြီးတော့ လူမျိုးစုတွေက ပြဿနာဖြစ်တယ်။လူမျိုးစုတွေက တိုင်းပြည်ကိုဖျက်တယ်။ လူမျိုးစုတွေက သူပုန်တွေဖြစ်တယ်၊ အဲဒီလိုမျိုးသူတို့စိတ်ထဲမှာဝင်လာတယ်။ ဒါပေမဲ့ ၂၀၂၁ နောက်ပိုင်းမှာတော့ စစ်အာဏာရှင်တွေ နောက်ထပ် အာဏာပြန်သိမ်းတဲ့အချိန်မှာ ပြည်သူအများစုက အခြားလူမျိုးစုတွေရဲ့ ခံစားချက်ကို ပိုနားလည်တယ်။ တခြားလူမျိုးစုတွေရဲ့ နိုင်ငံရေးတောင်းဆိုချက်လည်း သူတို့ကို သိလာတယ်။ ဒါကအမှန်တရားဖြစ်တယ်။ သူတို့က တိုင်းပြည်ဖျက်ဖို့ ခွဲထွက်ဖို့လုပ်တာမဟုတ်ဘူး။ ဒီနိုင်ငံကို အသစ်တည်ဆောက်ဖို့ကြိုးစားတယ်လို့ အများသောအားဖြင့် သူတို့နားလည်လာကြတာပေါ့နော်။ နားလည်မှုရချိန်မှာလည်း တချို့စိတ်သဘောထားမမှန်တဲ့ လူနည်းစုဆိုတော့ အဲဒီလိုမျိုး အချင်းချင်း နားလည်မှုမှားအောင် လိုက်ဖန်တီးတာလည်းရှိတယ်။ လိုက်ပြောတာလည်း ရှိတယ်။ ပြဿနာသေးသေးလေးတစ်ခုဖြစ်လာရင် သူတို့က လူမျိုးရေးဘက်အခြေခံပြီးတော့ ပြောလာတာရှိတယ်။ ဒါကတော့ ပြောမယ်ဆိုရင် စကစရဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်လည်းပါတယ်။ ဒီမိုကရေစီစနစ် ဖယ်ဒရယ်စနစ် မလိုလားတဲ့လူတွေလည်း လုပ်လာတဲ့သဘောရှိတာပေါ့နော်။
လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင်ကျတော့ မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်က မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက နိုင်ငံရေးပြဿနာ။ ဒီနိုင်ငံရေးရဲ့ အဓိကပြဿနာက လူမျိုးရေးပေါ့နော်။ လူမျိုးရေးဆိုတာက လူမျိုးမတူကွဲပြားမှုတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးတာ အသိအမှတ်ပြုတာ မရှိတဲ့အတွက် ဒီနိုင်ငံရေးပဋိပက္ခ ဖြစ်လာတယ်။ တော်လှန်ရေးတွေ ရှိလာတယ်ပေါ့နော်။ အဲဒါကြောင့် ဒီပဋိပက္ခကို ဖြေရှင်းဖို့အတွက်က ဘယ်လိုဖြေရှင်းရမလဲ ဆိုတော့ ဖယ်ဒရယ်စနစ်နဲ့ ကျင့်သုံးပြီးမှ ဖြေရှင်းလို့ရတယ်။
DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေဖို့ ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင် တွေကရော ဘယ်လိုထိန်းကျောင်းသင့်လဲ။
ဖြေ ။ လောလောဆယ်မှာတော့ အွန်လိုင်းကဖြစ်ဖြစ် တခြားနည်းပဲဖြစ်ဖြစ် လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာ အထင်မှားအောင် ဝါဒဖြန့်တာတော့ရှိတယ်။ ဒါကတော့ သတိထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ်မှာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ စည်းလုံးညီညွတ်မှုရှိမယ်ဆိုရင် လက်တွဲမယ်ဆိုရင် စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့က ကြီးမားတဲ့အင်အားတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒီအချက်ကို သူတို့ (စစ်အာဏာရှင်) တွေ့ပြီး တိုင်းရင်းသားတွေ မညီညွတ်အောင် မပူးပေါင်းအောင်တော့ သူတို့ကတော့ လိုက်ပြီးတော့ တိုင်းရင်းသားအချင်းချင်း ပြဿနာရှိအောင် လူမျိုးအချင်းချင်း ပြဿနာရှိအောင် သူတို့လိုက်ဖန်တီးမှာပဲ။
DW ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ပဋိပက္ခတွေက သတင်းအချက်အလက်အမှားတွေရယ်၊ မြေပြင်မှာရှိတဲ့လူတွေက သူတို့ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေအနေတွေမှာ ပိုဆိုးလာလေ့ရှိတယ်။ ဒီအခြေအနေမှာ အုပ်ချုပ်တဲ့တာဝန်ရှိသူတွေက မတူညီတဲ့ အမြင်တွေ ပြောဆိုရင်ဖွင့်ခွင့်ရအောင် ဘယ်လိုလမ်းဖွင့်ပေးသင့်လဲ။ လူထုကို သတင်းအချက်အလက် အမှန်သိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်လဲ။
ဖြေ ။ KNU ထိန်းချုပ်နယ်မြေ သို့မဟုတ် တနင်္သာရီတိုင်းမှာလည်း လူမျိုးပေါင်းစုံရှိတယ်။ ဒီလိုမျိုး လူမျိုးပေါင်းစုံ နေထိုင်တဲ့အချိန်မှာ အောက်ခြေမှာက တစ်ခုနဲ့တစ်ခုက ပြဿနာမရှိဘူး။ အရင်ကတည်းက သူတို့က အတူတူနေထိုင် လာတယ်။ ဒါပေမဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကြောင့် Freedom Of the information ပေါ့နော်။ မှန်ကန်တဲ့ သတင်းမရဘူး။ သတင်းအချက်အလက်လည်း လွတ်လွတ်လပ်လပ်မရတဲ့အတွက်ကြောင့် လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာတော့ မှန်ကန်တဲ့ အချက်အလက်မရှိတဲ့အတွက်ကြောင့် သူတို့က နားလည်မှုအားနည်းတာရှိတယ်။ ဥပမာပေါ့နော် နိုင်ငံတော်က နိုင်ငံတော်သတင်းစာဖြစ်ဖြစ် အသံလွှင့်ရုံပဲဖြစ်ဖြစ် အမြဲတမ်းကြွေးကြော်တယ်။ KNU က သူပုန်ဖြစ်တယ်။ ကရင်တွေက သူပုန်ဖြစ်တယ်။ သူတို့က ခွဲထွက်ရေးအဖွဲ့။ သူတို့က ပြည်ထောင်စုကို ဖြိုခွဲတဲ့အဖွဲ့။ အဲဒီလိုမျိုးပဲ အမြဲတမ်းဝါဒဖြန့်တဲ့အတွက်ကြောင့် တခြားလူမျိုးက ကရင်ကိုဘယ်လိုမြင်လဲဆိုတော့ သူပုန်လို့ မြင်တာရှိတာပေါ့နော်။ နောက်မှာတော့ တဖြည်းဖြည်းနဲ့ ကရင်တွေကလည်း သူတို့လူမျိုးတစ်မျိုးဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့သမိုင်းတွေလည်းရှိတယ်။ သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေလည်းရှိတယ်။ သူတို့နယ်မြေလည်း ရှိတယ်။ ပြီးတော့ သူတို့နိုင်ငံရေးတောင်းဆိုချက်တွေက မြန်မာပြည်ကို ပြိုကွဲ (ဖြိုခွဲ) တာမဟုတ်ဘူး။ မြန်မာပြည်ကို ပိုပြီးတော့ တိုင်းရင်းသား အချင်းချင်း အတူတူနေထိုင်လို့ရအောင် ဖယ်ဒရယ်စနစ်ကိုပဲ တည်ဆောက်ရမယ့် နိုင်ငံရေး တောင်းဆိုချက် အပေါ်မှာတော့ သူတို့နားလည်တယ်။ အခြားတိုင်းရင်းသား အထူးသဖြင့် ထားဝယ် လူမျိုးတွေပဲဖြစ်ဖြစ်၊ အခြားလူနည်းစုတွေပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကလည်း သူတို့ကို အသိအမှတ်ပြုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလည်း ဓလေ့ထုံးတမ်းအရ သမိုင်းအရ သူတို့ရဲ့ ဘာသာစကားရှိတယ်။ အဲဒါလူမျိုး အချင်းချင်း အသိအမှတ်ပြုခြင်း အားဖြင့် ရှိမယ်ဆိုရင် လူမျိုးရေး ပဋိပက္ခဖြစ်လာမှာ မဟုတ်ဘူး။ လူမျိုးအချင်းချင်း နားလည်မှု အပြန်အလှန် အသိအမှတ်ပြုမှုရှိလာအောင် အဓိက က information ပေါ့နော်။ မှန်ကန်တဲ့သတင်းကို သူတို့ရယူရမယ်။ ဝါဒဖြန့်သတင်းကို သူတို့အမြဲတမ်းရယူမယ်ဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုးချင်းမှာ ပဋိပက္ခဖြစ်နိုင်တယ်။
“လူမျိုးစု ပဋိပက္ခဖြစ်လာရင်တော့ စစ်အာဏာရှင်တွေအနေနဲ့ သူတို့အတွက်ကတော့ အခွင့်အလမ်းဖြစ်သွားမှာ”
နော်ထီးခူ၊ သုတေသီ၊ ထားဝယ်ခရိုင်
DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲနေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။
ဖြေ ။ တနင်္သာရီတိုင်းမှာ ဆိုလို့ရှိရင်ပေါ့နော်။ ဒီလိုမျိုး လူမျိုးတစ်စုနဲ့တစ်စုအကြား ပြီးတော့ လူမျိုးစုအတူတူကြားမှာကို နားလည်မှုလွဲစေတဲ့အရေးအသားတွေ၊ အပြောအဆိုတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးတော့ တွေ့ရတယ် ပေါ့နော်။ ဥပမာဆိုလို့ရှိရင် KNU နဲ့ KTLA ပေါ့နော်။ အဲဒီမှာ ဆိုလို့ရှိရင်လည်း နှစ်ဖွဲ့ကွဲပြီးတဲ့နောက်ပိုင်းမှာ သူတို့ကို ပေါ့နော် ဝါဒဖြန့်လုပ်ပေးတဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပြောပေးတဲ့လူတွေ အသီးသီးထွက်ပေါ်လာတာကို တွေ့ရတယ်ပေါ့နော်။ ပြောပေးတဲ့လူတွေကလည်း ကိုယ့်အဖွဲ့ကောင်းတဲ့ အကြောင်းကိုပဲ ပြောကြတယ်။ ဒါပေမဲ့ သူများအဖွဲ့ဆိုရင် ဘယ်လိုဘယ်လိုဖြစ်တယ်စတဲ့ အပြစ်တင်ဝေဖန်မှုတွေကို သတင်းရေးသလိုလိုဘာလိုလို တင်ဆက်ပြီးတော့မှ အမုန်းစကားတွေကို ရေးလာတာ တွေ့ရတယ်ပေါ့နော်။
အထူးသဖြင့် ထားဝယ်နဲ့ ကရင်တွေကြားမှာတော့ ဘာတွေ့ရလဲဆိုတော့ ကရင်တွေနယ်မြေအတွက်ကိုပေါ့နော် ထားဝယ်တွေက သေပေးရတယ်ပေါ့ စတဲ့ အဲဒီလိုမျိုးအွန်လိုင်းပေါ်မှာပြောဆိုတဲ့ဟာကို ပေါ်ပေါ်ထင်ထင် ပြီးတော့မှ အရေးအသားတွေပေါ့နော်။ ထားဝယ်မြေတွေကို ထားဝယ်တွေပြန်ပြီးတော့ ရယူနိုင်ရမယ်ဆိုတဲ့ အဲဒီအရေးအသားတွေ ပေါ်ပေါ်ထင်ထင် ရေးလာတာကိုလည်း တွေ့ရတယ်။ ဆိုတော့ ဒီလူမျိုးနှစ်ခုပေါ့။ အထူးသဖြင့် ထားဝယ်နဲ့ ကရင်က အတူတကွ နေလာတာက ကြာပြီလေနော်။ ဥပမာ ကျွန်မတို့ ကွမ်းသီးလုပ်တဲ့အချိန်ဆိုရင် အလုပ်သမားတွေ လိုအပ်ရင်လည်း ထားဝယ်တွေ ကူတာများတယ်။ ပြီးတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တစ်ရွာနဲ့တစ်ရွာ အကူအညီ လိုအပ်လာတယ် ပြေးရတယ်လွှားရတယ်ဆိုလို့ရှိရင်လည်း လူမျိုးစုအလိုက်ပေါ့နော်။ ကျန်တဲ့လူမျိုးစုတွေကို မှီခိုပြီးတော့မှ အမှီသဟဲလုပ်ပြီး တစ်ဦးနဲ့တစ်ဦး ကူညီကြတယ်ပေါ့နော် အဲဒါလေးတွေလည်းရှိတယ်။ တစ်ချိန်တည်းမှာပဲ ရည်ရွယ်ချက်ရှိရှိနဲ့ ရေးတဲ့အရေးအသားပေါ့နော်။ ကွဲအောင် သဟဇာတမဖြစ်အောင် ရေးသားလှုံ့ဆော်မှုတွေကိုလည်း ထင်ထင်ရှားရှားတွေ့လာရတယ်ပေါ့နော်။
DW ။ ဒီလိုပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှုတွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလို ဖြစ်သွားတာတွေလည်းရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။
ဖြေ ။ ဒီလိုပဋိပက္ခတွေဆိုတာက သေးသေးလေးတွေကနေ စုပြီးတော့မှ ဖြစ်လာတာများတယ်လေနော်။ ဆိုတော့ အဖွဲ့အစည်းတွေအနေနဲ့ ဘာလုပ်သင့်လဲဆို အဖွဲ့အစည်းတစ်ခုတည်းမှာပဲ တာဝန်ရှိတယ်လို့ ကျွန်မ မမြင်ဘူး။ အဲဒါက လူတိုင်းမှာ တာဝန်ရှိတယ်။ ပြောဆိုတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင် ကိုယ်ပြောတဲ့စကားအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ အထူးသဖြင့်ကတော့ တရားဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ ဒီလိုအခြေအနေမှာတော့ တရားဥပဒေစိုးမိုးမှုက မရှိတဲ့အတွက် ဒီလိုမျိုး သေသေချာချာ အရေးယူဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူတိုင်းအားလုံးအပေါ်မှာ တာဝန်ရှိတယ်ပေါ့နော်။ ဘာသာရေးဆရာဆိုလည်း ဘာသာရေး ဆရာတွေအလျောက် သူတို့ထိန်းကျောင်းပေးရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်း ဒီလိုမျိုးဟာကို အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမယ်။ မီဒီယာတွေအနေနဲ့ ဆိုလို့ရှိရင်လည်း ဒီဟာကို သတင်းအချက်အလက်က မမှန်ဘူး။ အတုအယောင်ဆိုလို့ရှိရင်လည်း ဒါကို စောင့်ကြည့်ပြီးတော့မှ ပြန်လည် ရေးသားတာတွေ လုပ်ရမယ်။ ပြီးတော့ လူမှုအသိုင်းအဝိုင်းကနေလည်း မဟုတ်မမှန်တဲ့သတင်းတွေကို မယုံဘဲနဲ့ (Facebook) မှာ Like & Share တွေမလုပ်ဘဲနဲ့ ဒီလိုမျိုးအကောင့်တွေကို လုံးဝ Unfollow လုပ်တာတို့ လုပ်ရမယ်ပေါ့နော်။
DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားတာတွေလည်း ရှိခဲ့တယ်။ ဒီလိုအခြေအနေတွေက ဖြစ်လာနိုင်တယ်လို့ ယူဆလား။
ဖြေ ။ လူမျိုးစုပဋိပက္ခဖြစ်လာရင်တော့ စစ်အာဏာရှင်တွေအနေနဲ့ သူတို့အတွက်ကတော့ အခွင့်အလမ်းဖြစ်သွားမှာ ပေါ့နော်။ မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင် ဒီဟာအပေါ်မှာ သင်ခန်းစာယူသင့်တယ်။ အရင်တုန်းက ဆိုလို့ရှိရင်လည်း ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ အရေးအခင်းပဋိပက္ခကြောင့် လူအများကြီးထိခိုက်သေကြေပျက်စီးရတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီပဋိပက္ခရဲ့နောက်ကွယ်မှာ စီးပွားရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းအောင် လုပ်ချင်တဲ့ လုပ်ငန်းလေးတွေ ပြီးစီးအောင်လုပ်နိုင်သွားတယ်ဆိုတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ ကျွန်မတို့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ ဒီအတွေ့အကြုံအပေါ်မှာ ကျွန်မတို့ သင်ခန်းစာယူရမယ်။ ဒီလိုမျိုး လူမျိုးစုတစ်ခုနဲ့တစ်ခုကြားမှာ ပဋိပက္ခရှိလာရင်တော့ တော်လှန်ရေးအပေါ်မှာ သက်ရောက်မှုကြီးကြီးမားမား ရှိမယ်ပေါ့နော်။ ကျွန်မတို့ရဲ့ ဘုံရန်သူကို အာရုံမစိုက်နိုင်တော့ဘဲနဲ့ မလိုလားအပ်တဲ့ အချင်းချင်းမုန်းတီးတာ၊ သတ်ဖြတ်တာ ပြီးတော့လူ့အဖွဲ့အစည်းမှာ လုံခြုံတယ်လို့ မခံစားရတော့ဘူးပေါ့နော်။ အဲဒါကို ကျွန်မတို့ သတိကြီးကြီးထားဖို့ လိုတယ်။ ဥပမာအနေနဲ့ KNLA နဲ့ KTLA တွေရဲ့ကိစ္စရပ်တွေတောင်မှ ရွာသားတွေက ကြားညှပ်တယ်ပေါ့နော်။ ရွာသားတွေ အနေနဲ့ဆိုလို့ရှိရင် အထင်မှားမှုတွေ၊ ဒီအဖွဲ့ကို လက်ခံထားရင်လည်း ကျန်တဲ့အဖွဲ့ရဲ့အငြိုးအတေးမှုတွေ စတဲ့ဟာတွေကို မိသားစုအချို့ ခံစားရပြီးပြီ။ နောက်နောင် အဲဒါမဖြစ်ဖို့ဆိုရင် အင်မတန်သတိကြီးကြီးနဲ့ သတိထားရမှာဖြစ်တယ်။
DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေရန် ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင်တွေ ကရော ဘယ်လိုထိန်းကျောင်းသင့်လဲ။
ဖြေ ။ အွန်လိုင်းပေါ်မှာ လှုံ့ဆော်ရေးသားနေတဲ့ဟာတွေက ကိုယ့်အဖွဲ့အစည်းကလူ ဖြစ်တယ်ဆိုလို့ရှိရင်တော့ ကိုယ်ထိန်းကျောင်း ကြပ်မတ်သင့်တယ်ပေါ့နော်။ ဒီလိုမျိုးဟာတွေ အမုန်းစကားတွေမဖြစ်အောင် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားဖို့လိုတယ်။ ကိုယ်က သတင်းတင်ဆက်ချင်တယ် သတင်းပေးချင်တယ်ဆိုလို့ရှင်ရင် စံချိန်စံညွှန်းရဲ့ ကိုက်ညီအောင်ပေးတဲ့ လူထုကိုပေးတဲ့ သတင်းမျိုးပဲဖြစ်ရမယ်ပေါ့နော်။ သို့မဟုတ်ဘဲနဲ့ ကျန်တဲ့လူကို ကျန်တဲ့အစုအဖွဲ့ကို သူ့ရဲ့ဖြစ်တည်မှုအပေါ်မှာ သူ့ရဲ့လူမျိုးအပေါ်မှာ ဘာသာအပေါ်မှာ အခြေခံပြီးတော့ မုန်းအောင်ပဋိပက္ခဖြစ်အောင် လှုံ့ဆော်တဲ့ဟာတွေမျိုး မဖြစ်ရဘူးပေါ့နော်။ အဖွဲ့အစည်းသာမက ပြည်သူတွေကလည်း အဲဒီလိုမျိုးလူတွေကို ကိုယ့်ရဲ့ အသိုင်းအဝိုင်းထဲကနေပြီးတော့မှ ကျဉ်ဖယ်ဖို့လိုတယ်ပေါ့နော်။ သူ့ကို ဆက်ပြီးတော့ အားပေးတယ်ဆိုလို့ရှိရင် ပိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့်လှုံ့ဆော်နိုင်တဲ့ဟာတွေမျိုးဖြစ်လာမှာ။
DW ။ တော်လှန်ရေးကာလမှာ မတူညီတဲ့ အစုအဖွဲ့၊ လူမျိုးစုတွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလေ့ရှိတယ်။ အဲဒီပွတ်တိုက်မှုတွေ လျော့ကျအောင်၊ ကြီးထွားမလာအောင် လူတစ်ဦးချင်းကရော ဘယ်လိုအချက်တွေကို သတိထားပြီး ပြောဆိုပြုမူနေထိုင်သင့်လဲ။
ဖြေ ။ လူမျိုးစုနဲ့ ဘာသာရေးမတူတဲ့အပေါ်မှာ အယူဝါဒတွေ ကွဲပြားကြတယ်။ အမြင်တွေကွဲပြားတယ်ဆိုတော့ အခုလက်ရှိမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အခြေအနေတွေ ပလက်ဖောင်းတွေ ရှိမနေဘူးပေါ့နော်။ ဆိုတော့ လုပ်လို့ ရတာကတော့ နိုင်ငံရေးခေါင်းဆောင်တွေပေါ့နော်။ ကိုးကွယ်ယုံကြည်ရာအလိုက် ဘာသာရေးခေါင်းဆောင်တွေ ၊ လူမျိုးစုအခြေခံ စာပေ/ယဉ်ကျေးအဖွဲ့တွေလည်း သူတို့မှာတာဝန်ရှိတယ်ပေါ့နော်။ အမြဲတစေ အဲဒီအခြေအနေ လေးတွေကို စောင့်ကြည့်ပြီးတော့မှ ထိန်းကျောင်းဖို့အတွက် တာဝန်ရှိတယ်။ ဒုတိယအုပ်စုကတော့ မီဒီယာမှာလည်း တာဝန်ရှိတယ်ပေါ့နော်။ မီဒီယာတွေကနေပြီးတော့ ဒီလိုမျိုးကိစ္စတွေကို ဖြစ်လာပြီ တွေ့လာပြီ။ စပြီးတော့ တွေ့ရပြီ ဆိုလို့ရှိရင် ဒီဟာတွေကို လူထုကို မှန်ကန်တဲ့သတင်းအချက်အလက်တွေပေးဖို့ လိုတယ်။ ပြီးရင် လူထုကို ပညာပေးတဲ့ အစီအစဉ်တွေပေါ့နော် ထည့်သွင်းပြီးတော့မှ ဒီသတင်းအချက်အလက်တွေကို မယုံကြည်ဖို့၊ အမုန်းပွားစေတဲ့စကားတွေ ဆက်လက်ပြီးတော့ မပျံ့ပွားဘဲနဲ့ အချိန်မီထိန်းကျောင်းနိုင်ဖို့ကတော့ ဒီအသိပညာပေးတဲ့ အစီအစဉ်တွေ၊ မှန်ကန်တဲ့သတင်းအချက်အလက်တွေ ပေးတဲ့ဟာမျိုးတွေ လုပ်ဖို့လိုတယ်လို့ ကျွန်မမြင်တယ်။
တော်လှန်ရေးကာလမှာတော့ ပဋိပက္ခဖြစ်ပွားတဲ့ ကာလဖြစ်တယ်။ ဒီပဋိပက္ခအလွန်မှာလည်း နောင်ဖြစ်ပွားလာနိုင်တဲ့ တချို့အကြောင်းအရာ ခေါင်းစဉ်လေးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အနည်းဆုံးနဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင်တော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ နားလည်မှုတွေယူထားဖို့လိုတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ သဟဇာတဖြစ်အောင် အမြဲတွေ့ဆုံ စကားပြောဖို့လိုမယ်။ နိုင်ထက်ကြီးစိုးမှုတွေပေါ့နော် မရှိရဘူး။ ကိုယ့်အဖွဲ့ပဲကောင်းတယ် ကိုယ့်အဖွဲ့ပဲသာတယ် ကိုယ့်အဖွဲ့ပဲ ရရမယ်ဆိုလို့ရှိရင် ကျန်တဲ့အဖွဲ့နဲ့ သဟဇာတနေနိုင်ဖို့ဆိုတာကတော့ မလွယ်ဘူးပေါ့နော်။
DW ။ လူထုကြားမှာ မတူညီတဲ့လူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်လဲ။
ဖြေ ။ နိုင်ငံတစ်နိုင်ငံမှာဆိုရင် ဥပဒေရှိတယ်။ ဒီဥပဒေစိုးမိုးအောင် အရေးယူဆောင်ရွက်ရမယ့် အုပ်ချုပ်ရေးအာဏာပိုင် တွေ၊ ရဲတပ်ဖွဲ့တွေ၊ စစ်တပ်တွေရှိတယ်ပေါ့နော်။ ကျွန်မတို့နိုင်ငံကတော့ အခုလက်ရှိအခြေအနေမှာ ဒီဟာတွေက နယ်မြေအနှံ့စစ်ပွဲတွေဖြစ်နေတဲ့အခါမှာ ဒီလိုမျိုးဥပဒေစိုးမှုတွေ မရှိဘူး။ ဒါကြောင့်မို့လို့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့တွေက ကိုယ်ထိန်းချုပ်တဲ့နယ်မြေတွေမှာ ဒီလိုမျိုးဟာတွေ တွေ့လာရပြီ ဆိုလို့ရှိရင် အဲဒါကို အမှုအခင်းသေးသေးလေးလိုပဲ သဘောမထားဘဲနဲ့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းသင့်တယ်။ ပြီးရင် ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်အစုအဖွဲ့အတွက် စကားပြောပေးတဲ့လူ၊ စကားပြောပေးတဲ့ ကိုယ့်ရဲ့ခေါင်းဆောင်တွေက လည်းပေါ့နော် ကိုယ်ပေးလိုက်တဲ့သတင်းအချက်အလက် ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာတွေဟာဆိုလို့ရှိရင် အမုန်းတရားကို ဖြစ်ပွားစေတဲ့ Hate Speech လား သို့မဟုတ် ပေးတဲ့သတင်းအချက်အလက်လား အဲဒါကို သေချာ ဆန်းစစ်ဖို့လိုတယ်။ သတိထားဖို့လိုတယ်။ သတိမထားဘူး ဒီလိုမျိုးရိုးရိုးလေးပဲမြင်တယ်ဆိုလို့ရှိရင် မလိုလားအပ်ဘဲ ပေးဆပ်ရမယ်ပေါ့နော်။ မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်။ တစ်ဖက်ခြမ်းမှာလည်း ကျွန်မတို့ရဲ့ရန်သူက ဒီဟာကိုအခွင့်ကောင်းယူပြီးတော့မှ ကျည်တစ်လုံး (တစ်တောင့်) မှ မဖောက်လိုက်ရဘဲနဲ့ အနိုင်ယူတဲ့ဟာမျိုး ဖြစ်လာနိုင်တယ်ပေါ့နော်။
“ပဋိပက္ခတွေ မကြီးထွားလာအောင် ကိုယ်နဲ့မတူတဲ့သူတွေရဲ့ ခံစားချက်၊ အတွေ့အကြုံတွေကို နားလည်အောင် ကြိုးစားပြီး ကိုယ်ချင်းစာစိတ် မွေးမြူသင့်တယ်”
မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော်တစ်ဦး
DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။
ဖြေ ။ တနင်္သာရီတိုင်းက ယေဘုယျအားဖြင့် ဗမာလူမျိုး အများစုနေထိုင်တဲ့နေရာအဖြစ် သတ်မှတ်ကြတယ်။ ဒါပေမဲ့ ထူးခြားတာတစ်ခုက ဗမာလူမျိုးအများစုလို့ဆိုပေမယ့် ထားဝယ်၊ မြိတ်လိုဒေသတွေမှာ ကိုယ်ပိုင်ဒေသိယစကားနဲ့ ယဉ်ကျေးမှုရှိတဲ့ အုပ်စုငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် တစ်စုတစ်စည်းတည်း ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ကရင်၊ မွန်၊ ဆလုံနဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေလည်း နေထိုင်ကြတယ်။ တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံရဲ့ အခြားတိုင်းရင်းသား ပြည်နယ်တွေနဲ့စာရင် လူမျိုးရေးပဋိပက္ခ မရှိသလောက် နည်းခဲ့တယ်။ ကွဲပြားခြားတဲ့ ဝိသေသတွေ ရှိပေမယ့် အချိန်ကြာမြင့်စွာ ငြိမ်းချမ်းလာခြင်းက ရှေးယခင်ကတည်းက တနင်္သာရီတိုင်းအတွင်းရှိ လူမျိုးစုတွေက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခြင်းကို ဖော်ပြနေတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဟာ မူလရှိပြီးသား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်။ တနင်္သာရီတိုင်းမှာတော့ အဓိကအားဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဦးဆောင်နေတယ်။
DW ။ ပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှုတွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလို ဖြစ်သွားတာတွေလည်း ရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။
ဖြေ ။ စစ်အုပ်စုက ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်လာတဲ့ ဗမာလူငယ်အများစုပါဝင်တယ်လို့ ဆိုရမယ့် PDFs နဲ့ အခြားတိုင်းရင်းသား EROs တွေအကြား သွေးကွဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်။ အကောင့်တုတွေ များစွာဖွင့်ပြီး ပြည်သူလူထုတွေ ရှုပ်ထွေးအောင် ထုတ်ပြန်ချက်အတုတွေ သွေးကွဲစေမယ့် အရေးအသားတွေကို စနစ်တကျ အကွက်ချပြီး စီစဉ်ဆောင်ရွက်နေတယ်။ အဲဒီအခြေအနေကို ကျော်လွှားဖို့က အချင်းချင်း အပြန်အလှန် ယုံကြည်မှုနဲ့ ကိုယ်ချင်းစာတရား ရှေ့တန်းတင်ပြီး အတူလက်တွဲ ရှေ့ဆက်သွားဖို့ လိုအပ်တယ်။
DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားတာတွေလည်း ရှိခဲ့တယ်။ ဒီလိုအခြေအနေတွေက ဖြစ်လာနိုင်တယ်လို့ ယူဆလား။
ဖြေ ။ စစ်အုပ်စုရဲ့ သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာက ဆယ်စုနှစ်များစွာ သူတို့ရဲ့ အာဏာရှင်အုပ်ချုပ်မှုကို ခိုင်မာစေခဲ့တဲ့ နည်းဗျူဟာ ဖြစ်ခဲ့တယ်။ အခုလည်း ဖြစ်နေဆဲပဲ။ သူတို့ အာဏာကို ထိန်းချုပ်ထားနိုင်ဖို့နဲ့ ထိန်းချုပ်မှုကို ပိုခိုင်မာစေဖို့အတွက် တိုင်းရင်းသားနဲ့ ဘာသာရေးကွဲပြားမှုကို ခေတ်အဆက်ဆက် အသုံးချခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့က တစ်ဦးချင်းအနေနဲ့ပဲဖြစ်ဖြစ် အဖွဲ့အစည်းအလိုက်အနေနဲ့ပဲဖြစ်ဖြစ် အဲဒါဟာ စစ်အုပ်စုရဲ့ စနစ်တကျ အကွက်ချထားတဲ့ မီဒီယာစစ်ပွဲဆိုတာကို သဘောပေါက်ဖို့လိုအပ်တယ်။
DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေရန် ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင်တွေကရော ဘယ်လိုထိန်းကျောင်းသင့်လဲ။
ဖြေ ။ သတင်းတစ်ခုခုကို အမှန် ဟုတ် မဟုတ် အသိဉာဏ်နဲ့ စဉ်းစားချင့်ချိန်ဖို့ လိုအပ်တယ်။ အကယ်၍သာ ကျွန်တော်တို့ဟာ စစ်အုပ်စုရဲ့ အကွက်ချမှုအတိုင်းလိုက်ပြီး စီးမျှောနေမယ်ဆိုရင် တော်လှန်ရေးကို ပြိုကွဲစေပြီးတော့ စစ်အုပ်စုကို မဟာဗျူဟာမြောက် အားသာချက် ပေးလိုက်ရမယ့် အခြေအနေရှိတယ်။
DW ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေက သတင်းအချက်အလက်အမှားတွေရယ်၊ မြေပြင်မှာရှိတဲ့ လူတွေက သူတို့ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေအနေတွေမှာ ပိုဆိုးလာလေ့ရှိတယ်။ ဒီအခြေအနေမှာ အုပ်ချုပ်တဲ့တာဝန်ရှိသူတွေက မတူညီတဲ့ အမြင်တွေ ပြောဆိုရင်ဖွင့်ခွင့်ရအောင် ဘယ်လို လမ်းဖွင့်ပေးသင့်လဲ။ လူထုကို သတင်းအချက်အလက် အမှန်သိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်လဲ။
ဖြေ ။ အုပ်ချုပ်တဲ့ တာဝန်ရှိသူတွေအနေနဲ့ မတူညီတဲ့အမြင်တွေကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ဖို့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝ အာမခံပေးသင့်ပါတယ်။ လူတွေအနေနဲ့ အကြောက်တရားမရှိဘဲ သူတို့ရဲ့ယုံကြည်ချက်၊ အမြင်တွေကို ထုတ်ဖော်ပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ လူမျိုးစုအလိုက် ဘာသာရေးအလိုက် ခေါင်းဆောင်တွေနဲ့ လူထုကိုယ်စားလှယ်တွေ ပါဝင်တဲ့ စကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပပေးသင့်ပါတယ်။ ဒီပွဲတွေကနေတစ်ဆင့် နားလည်မှုလွဲမှားတာတွေ၊ အမြင်မကြည်လင် တာတွေကို တိုက်ရိုက်ရှင်းလင်းနိုင်ပါတယ်။ ကျောင်းတွေ၊ ရပ်ရွာတွေမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ အသိပညာပေး အစီအစဉ်တွေ ထည့်သွင်းသင်ကြားပေးသင့်ပါတယ်။ သတင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းထုတ်ပြန်ခွင့်ကို ခွင့်ပြုပေးပြီး အစိုးရအနေနဲ့လည်း မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသင့်ပါတယ်။
DW ။ တော်လှန်ရေးကာလမှာ မတူညီတဲ့ အစုအဖွဲ့၊ လူမျိုးစုတွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလေ့ရှိတယ်။ အဲဒီပွတ်တိုက်မှုတွေ လျော့ကျအောင်၊ ကြီးထွားမလာအောင် လူတစ်ဦးချင်းကရော ဘယ်လိုအချက်တွေကို သတိထားပြီး ပြောဆိုပြုမူနေထိုင်သင့်လဲ။
ဖြေ ။ တော်လှန်ရေးကာလမှာ ဒါမှမဟုတ် ဘယ်လိုအချိန်မျိုးမှာမဆို ပဋိပက္ခတွေ မကြီးထွားလာအောင် ကိုယ်နဲ့မတူတဲ့ သူတွေရဲ့ ခံစားချက်၊ အတွေ့အကြုံတွေကို နားလည်အောင် ကြိုးစားပြီး ကိုယ်ချင်းစာစိတ် မွေးမြူသင့်တယ်။ ဘယ်သတင်းကိုမဆို မမျှဝေခင် သတင်းအရင်းအမြစ်ကို သေချာစစ်ဆေးပြီး မှန်ကန်ကြောင်း သေချာမှသာ မျှဝေသင့် တယ်။ လူမျိုး၊ ဘာသာကို အကြောင်းပြုပြီး တိုက်ခိုက်တဲ့ စကားလုံးတွေ၊ အသုံးအနှုန်းတွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။
DW ။ လူထုကြားမှာ မတူညီတဲ့လူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။
ဖြေ ။ လူထုကြားမှာ အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ နှစ်ဖက်အဖွဲ့အစည်းတွေကို ခေါ်ယူပြီး ဘက်မလိုက်တဲ့ ကြားခံလူတစ်ဦးရဲ့ ဦးဆောင်မှုနဲ့ ဆွေးနွေးစေသင့်တယ်။ ပြီးတော့လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး အကြမ်းဖက်မှုတွေ၊ လှုံ့ဆော်မှုတွေ ပြုလုပ်တဲ့သူတွေကို ဥပဒေအရ တိတိကျကျ အရေးယူဖို့လည်း လိုအပ်ပါတယ်။
“လူမျိုးရေး အရမ်းကြီးပွတ်တိုက်မှု မရှိသေးပေမယ့် အရင်ကလို ဖြစ်လာမှာတော့ စိုးရိမ်မိတယ်”
တနင်္သာရီမြို့ခံ အမျိုးသမီးတစ်ဦး
DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက် နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။
ဖြေ ။ တနင်္သာရီက လူမျိုးစုတွေကြား အရင်ဆက်ဆက် လူမျိုးခွဲခြားမှုတွေက ရှိခဲ့ဖူးတယ်။ NLD အုပ်ချုပ်ရေး သက်တမ်းမှာ ဒါတွေက တန်းတူယှဉ်တွဲ နေထိုင်ခဲ့ကြပေမယ့် အခုလက်ရှိ စစ်အာဏာသိမ်းပြီးမှ ပြန်ပြီးတဖန် လူမျိုးရေး ခွဲခြားမှု ဖြစ်လာခဲ့မှာတော့ စိုးရိမ်မိခဲ့တယ်။ ဒါပေမဲ့လည်း စစ်အာဏာသိမ်း နှစ်အစတွေမှာ ဘာမှဖြစ် မလာခဲ့ပေမယ့် အခုဆိုရင် လူမျိုးခွဲခြားမှုကတော့ တရိပ်ရိပ်ရှိလာခဲ့တာတော့ တွေ့ရတယ်။ ကရင်လူမျိုးနယ်မြေ ဒေသတွေမှာ နယ်မြေသတ်မှတ်မှုတွေ ရှိလာပြီး နယ်မြေတွင်းမှာ သူ့လူမျိုးမဟုတ်တဲ့သူတွေ စီးပွားရေးလုပ်ခွင့်မရှိတာမျိုး၊ သူတို့သတ်မှတ်ထားတဲ့ ရောင်းဝယ်ဖောက်ကားမှုတွေမျိုးပဲ လုပ်ဆောင်ရမယ်ဆိုတာမျိုးတွေ ရှိလာတယ်။ ဒါကလည်း သူတို့လူမျိုး လုံခြုံရေးအရတော့ပြောတာပေါ့။ သူတို့ရဲ့ နယ်မြေမှာ သူတို့လိုတော့ တန်းတူစီးပွားရှာခွင့် ကန့်သတ်တာမျိုး ဖြစ်သွားမလား။ လူမျိုးရေး အရမ်းကြီးပွတ်တိုက်မှု မရှိသေးပေမယ့် အရင်ကလို ဖြစ်လာမှာတော့ စိုးရိမ်မိတယ်။
DW ။ ဒီလိုပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှုတွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလိုဖြစ်သွားတာတွေလည်းရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။
ဖြေ ။ လက်ရှိအနေအထားမှာတော့ အဖွဲ့အစည်းတစ်ခုက၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကနေပြီး လူမျိုးရေးခွဲခြား လှုံ့ဆော်တာ မရှိသေးပေမယ့် နောက်တစ်ချိန်မှာ မဖြစ်လာနိုင်ဘူးလို့လည်း မပြောနိုင်ဘူး။ ဒါကို လူ့အဖွဲ့အစည်းတစ်ခုက လူအခွင့်အရေးဆိုင်ရာဖြစ်ဖြစ် သက်ဆိုင်ရာအဖွဲ့အစည်း၊ နီးစပ်ရာဒေသ အဖွဲ့အစည်းတွေကနေပြီးလည်း လူမျိုးရေး ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရတဲ့ အသိပေးတာတွေ၊ နိုင်ငံရေးအရ အသိပညာပေးတာတွေ၊ လက်ရှိ PDF ထိန်းချုပ်နယ်မြေတွေမှာ လက်နက်ကိုင် PDF တွေ အနေနဲ့လည်း တပ်ရင်းတပ်ဖွဲ့ မှာပါဝင်နေတဲ့ လူမျိုးတွေကို ခွဲခြားဆက်ဆံတဲ့ စကားလုံးတွေ မသုံးမိအောင် ဘယ်သူပဲဖြစ်ဖြစ် ထိလွယ် ရှလွယ် စကားလုံးတွေ မသုံးမိအောင် ထိန်းသိမ်းဖို့ အရေးကြီးတယ်။ NUG အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတဲ့ ဒေသတွေမှာလည်း လူမျိုးရေးခွဲခြားခြင်း မပြုလုပ်ရတဲ့ မူဝါဒတွေချမှတ်ပေးဖို့ လိုအပ်တယ်။
DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားတာတွေလည်း ရှိခဲ့တယ်။ ဒီလိုအခြေအနေတွေက ဖြစ်လာနိုင်တယ်လို့ ယူဆလား။
ဖြေ ။ တကယ်လို့ လူမျိုးရေး ပဋိပက္ခတွေရှိလာခဲ့ရင် တော်လှန်ရေးအပေါ် သက်ရောက်မှုများစွာ ဖြစ်လာလိမ့်မယ်။ လူမျိုးပဋိပက္ခက နိုင်ငံရေးမှာ အဆိုးဆုံး အရင်းခံပြဿနာတစ်ခုလို့ ပြောလို့ရတယ်။ မြန်မာပြည်ဖြစ်စဉ်တစ်လျှောက်က နိုင်ငံရေး အုံကြွမှုကို လူမျိုးရေး ပဋိပက္ခကပဲ စခဲ့တာ။ ဒါကိုစစ်အာဏာရှင်တွေက ဓားစာခံလုပ်ပြီး အကျိုးသက်ရောက် အောင်လည်း လုပ်ခဲ့ကြတာရှိခဲ့တယ်။ မဖြစ်လာနိုင်ဘူးဆိုတာလည်း မပြောရဲဘူး ။ လက်ရှိအခြေအနေရဆိုရင် ဖြစ်လာစရာ မရှိဘူးလို့ ထင်မိတယ်။ လူတွေရဲ့ အသိစိတ်ထဲမှာ လူမျိုးခွဲခြားမှု အတွေးအခေါ်က သိပ်ပြီး မတွေ့မိတော့ဘူးလို့ မြင်မိတယ်။
DW ။ ကျေးဇူးတင်ပါတယ်။