BREAKING
December 3, 2025

မြေမြှုပ်မိုင်းစစ်ပွဲ မည်သူတို့ကို ပိုထိခိုက်စေသနည်း

September 19, 2025

Photo - Bekim Shala, Community Safety Partnerships

မိုင်းထောင်ခြင်းကြောင့် စစ်ပွဲနိုင်ရန် မသေချာလှပါ။ သို့သော် မြန်မာနိုင်ငံတဝန်း ကျေးရွာနှင့် လူဦးရေထူထပ်သော ဒေသများတွင် မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုဆိုးရွားလာနေသည်။

ပဋိပက္ခရှည်ကြာလာသည်နှင့် အမျှ ပြည်နယ်နှင့်တိုင်းအားလုံးနီးပါးတွင် မိုင်းပျံ့နှံ့လျက်ရှိသည်။

ပဋိပက္ခကလည်း ဆက်ဖြစ်၊ ညှိနှိုင်းဆောင်ရွက်မှုမရှိသည့် မူဝါဒများကြောင့် မိုင်းရှင်းလင်းခြင်း၊ အန္တရာယ်ရှိသောနေရာများကို စစ်တမ်းကောက်ယူခြင်း စသည့် မိုင်းနှင့်ပတ်သတ်သော လုပ်နည်းလုပ်ထုံးများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့များအနေဖြင့် ပေါက်ကွဲလက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူများ/ရှင်သန်ကျန်ရစ်သူများကို ကူညီခြင်း၊ လက်ရှိနှင့် အနာဂတ်မျိုးဆက်များအပေါ် ထိခိုက်မှုလျှော့ချရေးကိုသာ အဓိကထား လုပ်ဆောင်နေကြသည်။

မြေမြှုပ်မိုင်း ကျွမ်းကျင်သူ ဘီကင်ရှာလာ၏ အဆိုအရ မိုင်းများသည် မည်သူအတွက်မျှ အကျိုးမဖြစ်ထွန်းကြောင်း အချက်နှစ်ရပ်ဖြင့် ရှင်းပြသည်။

ပထမအချက်မှာ မိုင်းများသည် စစ်ရေးအရ အကျိုးသက်ရောက်မှု အကန့်အသတ်ရှိသည်။ ဆိုလိုသည်မှာ စစ်ပွဲအောင်မြင်ရေးအတွက် မိုင်းရှိရုံမျှဖြင့် အရေးပါသော အခန်းကဏ္ဍတွင် ရှိမနေပါ။

ဒုတိယအချက်မှာ အရပ်သားများသည် မိုင်းများကြောင့် အကြီးအကျယ် ထိခိုက်နစ်နာသူများဖြစ်ပြီး၊ အထူးသဖြင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများ မိုင်းထောင်ထားသော နယ်မြေများသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် မတော်တဆထိခိုက်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

ဘီကင်ရှာလာသည် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအသုံးပြုမှု လျှော့ချရန်နှင့် အနာဂတ်မိုင်းရှင်းလင်းရေးဆိုင်ရာ ဆွေးနွေးမှုများ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိသော Community Safety Partnerships မှ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။

ဆယ်စုနှစ်များစွာ မြေမြှုပ်မိုင်းအသုံးပြုမှုကြောင့် အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ ပြည်သူများ စဉ်ဆက်မပြတ် အန္တရာယ်ခြိမ်းခြောက်ခံနေရသည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှု ကြိုးပမ်းပြီးနောက် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းအသုံးပြုမှု သိသာထင်ရှားစွာ မြင့်တက်လာခဲ့သည်။ ၂၀၂၄ ခုနှစ် Landmine Monitor အစီရင်ခံစာအရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် နှစ်စဉ်အသေအပျောက် အများဆုံး စံချိန်တင်ထားသည့် နိုင်ငံအဖြစ် ပထမဦးဆုံး မှတ်တမ်းတင်ခံရသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ မိုင်းတားဆီးပိတ်ပင်ရေး သဘောတူစာချုပ် (Mine Ban Treaty) ကို လက်မှတ်မထိုးထားသည့်အပြင် စစ်တပ်ကလည်း မြေမြှုပ်မိုင်းများ ရှိနေသည့် ဒေသများတွင် မိုင်းရှင်းသန့်စင်ရေး လုပ်ငန်းများ သို့မဟုတ် မိုင်းတည်ရှိသော နေရာများအား စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခွင့်မပြုပေ။

Insight Myanmar ၏ “Navigating a Minefield” ဆောင်းပါးတွဲ အင်တာဗျူးတွင် မြန်မာနိုင်ငံအား ‘လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အခက်ခဲဆုံး၊ စိန်ခေါ်မှုအများဆုံး နိုင်ငံ’ အဖြစ် ဘီကင်ရှာလာ က ညွန်းဆိုခဲ့သည်။

မြန်မာနိုင်ငံပဋိပက္ခ၏ ထူးခြားသောအချက်မှာ ခန့်မှန်းမရသည့် စနစ်မကျသော မိုင်းခင်းကျင်းမြှုပ်နှံမှုပုံစံဖြစ်သည်။

“ဘာမှန်းမသိတဲ့ နည်းမျိုးစုံနဲ့ မိုင်းတွေချထားတာ။ ဗုံးထောင်တဲ့လူတွေက လျှောက်လမ်းတွေမှာ တစ်လုံး၊ နှစ်လုံး၊ ရေတွင်းထောင့်မှာ နှစ်လုံး၊ အိမ်ထောင့်တစ်နေရာမှာ တစ်လုံး အဲဒီလို စိတ်တိုင်းကျ၊ ကျပန်း ချထားတဲ့ပုံစံတစ်ခုပဲ”ဟု ဘီကင်ရှာလာ က ဆိုသည်။

ထိုကဲသို့ စနစ်မကျသောမိုင်းခင်းကျင်းမြှုပ်နှံမှုကြောင့် နောင်တွင် မိုင်းရှင်းလင်းမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုခက်ခဲလိမ့်မည်ဖြစ်ပြီး ပြည်သူများ အနေနှင့် မိုင်းရှိသည်ဟု သိထားသော နေရာမဟုတ်သော အခြားနေရာများတွင်ပင် အန္တရာယ်နှင့် မသေချာမှုများကို အမြဲရင်ဆိုင်နေရသည်။

ကလေးငယ်များသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူများထဲတွင် အများဆုံးပါဝင်သည်။

“မြေမြုပ်မိုင်းများကြောင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ အသက်ရှင်ကျန်ရစ်ခဲ့သော မိသားစုများ၏ ရင်ဆိုင်ရသော ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အခက်အခဲများသာမက အခြားသက်ရောက်မှုများစွာလည်းရှိနိုင်ပါသည်။ ရပ်ရွာသာယာရေး ဖွဲ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ပဋိပက္ခအလွန် ကာလများတွင် ပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရာတွင်လည်းကောင်း အတားအဆီးများ ဖြစ်နိုင်သည်” ဟု Landmine Monitor က ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများသည် စစ်တပ်နှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် တပြိုင်နက် ဆက်သွယ်လျက် မြေမြှပ်မိုင်းအသုံးပြုမှု ကန့်သတ်ရန် တောင်းဆိုနေကြသည်။

“မိုင်းအသုံးပြုမှုလုံးဝ မရပ်နိုင်ရင်တောင်၊ ကျောင်းနားတဝိုက်၊ ဆေးခန်းတွေအနီး၊ ပြည်သူများစွာသွားလာနေတဲ့နေရာတွေမှာ မသုံးဖို့၊ မိုင်းအရေအတွက်လျှော့ချဖို့ ကြိုးစားသင့်ပါတယ်” ဟု ရှာလာက ဆိုသည်။

“သူတို့ ဒီအကြောင်းကို သတိထားမိပြီး မိုင်းတွေကို တိုက်ပွဲတွေမှာလျှော့သုံးလာနိုင်ရင်၊ မိုင်းရှင်းရမယ့်နှစ်ပေါင်းများစွာ လျှော့ချနိုင်မယ်။ အချိန်တင်မကဘူး၊ ငွေကြေးအကုန်အကျပါ သက်သာစေမယ်”

၂၀၂၅-၂၆ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေး မဟာဗျူဟာတွင် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် လူထု အသိပညာပေး များစွာပြုလုပ်ရန်၊ မိုင်းရှင်းလင်းရေးနှင့် မိုင်းအသုံးပြုမှု ကန့်သတ်ရန်၊ မူဝါဒပြောင်းလဲမှုများကို ထောက်ခံအားပေးရန် နှင့် အသက်ရှင်ကျန်ရစ်သူများအတွက် ပြည့်စုံသော ပံ့ပိုးကူညီမှုနှင့် ပြန်လည်ထူထောင်ရေးကို ပေးအပ်ရန် အာရုံစိုက်ထားသည်။

အသက်ရှင်ကျန်ရစ်သူများ၏ ပြန်လည်ထူထောင်ရေးနှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းရေးသည် နိုင်ငံတကာထောက်ပံ့မှု ပိုမိုလိုအပ်သည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း ရှာလာကဆိုသည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်း လူဦးရေ ငါးသိန်းခန့်ထံ ပညာပေး အစီအစဉ်များ ရောက်ရှိရန် ကြိုးပမ်းလျက်ရှိသည်။

မြေမြှုပ်မိုင်းကြောင့် စစ်ပွဲနိုင်ရန် မသေချာလှစွာသော်လည်း နိုင်ငံတစ်ဝန်း မိုင်းတွင်းများ ပိုများလာနေသည်။ လူထုထိခိုက်မှု ပိုများလာနေသည်။

◼︎Insight Myanmar