မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းအတွက်ဟုဆိုကာ ကျေးရွာနှစ်ရွာတွင် ငွေကျပ်သိန်းငါးဆယ် ခြိမ်းခြောက်ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁၆ရက်က မဇောကျေးရွာအုပ်စုရှိ တောတန်းရွာနှင့် အရှေ့တောင်ရွာရှိ ပြည်သူများထံမှ ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါငွေကြေးကို ရပ်မိရပ်ဖများကို ကောက်ခံခိုင်းနေခြင်းဖြစ်ပြီး ကျေးရွာရှိ အိမ်ထောင်စုအရေအတွက်နှင့် တွက်ချက်ပါက အိမ်ထောင်စုတစ်ခုလျှင် ငွေကျပ်ရှစ်သောင်းစီ ပေးဆောင်ရမည်ဟု ပြောကြောင်း ၎င်းက ဆိုသည်။
“ငွေမပေးရင် စစ်တပ်ကိုခေါ်ပြီး လာဖမ်းခိုင်းမယ်လို့ပြောတယ်။ အရင်လကပဲ စစ်မှုထမ်းမဲပေါက်တဲ့ ကလေးတစ်ယောက် အတွက် ဝိုင်းထည့်ပေးလိုက်သေးတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ပြီးခဲ့သည့်လက စစ်မှုထမ်း မဲပေါက်သည့်လူငယ်အတွက် လူစားထိုးစေလွှတ်ရန်ဟုဆိုပြီး ငွေကျပ် ၁၄ သိန်းတောင်ခံသဖြင့် ရွာသားများ ဝိုင်းဝန်းပြီးစုဆောင်းကာ ပေးဆောင်လိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။
သို့သော်လည်း အမှန်တကယ် စစ်မှုထမ်း ပါမပါ၊ လူစားထိုးလွှတ်ခြင်း ရှိမရှိတို့ကိုမူ ဒေသခံများ မသိရကြောင်း ၎င်းတို့က ဆိုသည်။
စက်တင်ဘာလ ၁၅ရက်တွင်လည်း မဇောကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဦးအေးသန်းနှင့် ဦးမြသွေးတို့က အထက်ပါတောတန်းရွာနှင့် အရှေ့တောင်ရွာက လူငယ်နှစ်ဦး စစ်မှုထမ်းမဲပေါက်သည်ဟုဆိုကာ ရပ်မိရပ်ဖများကို ဖုန်းဆက်ပြီး ငွေကြေး ထပ်မံကောက်ခံခိုင်းနေကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။
စစ်မှုထမ်းမဲပေါက်သည့် လူငယ်တစ်ဦးစီအတွက် ငွေကျပ် ၂၅သိန်း ပေးရန် ကောက်ခံခိုင်းနေကြောင်း ၎င်းက ပြောသည်။
“စစ်မှုထမ်းမဲပေါက်သူ နှစ်ယောက်ထဲမှာ အရှေ့တောင်ရွာက အသက်မပြည့်သေးတဲ့ ကိုးတန်းကျောင်းသားတစ်ဦးပါပြီး အခြားရွာက လူငယ်တစ်ဦးပါတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
စစ်မှုထမ်းမဲနှိုက်ရာတွင် လူငယ်များ၊ မိဘအုပ်ထိန်းသူများကို မခေါ်ဘဲ အုပ်ချုပ်ရေးအဖွဲ့ကသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ဩဂုတ်လ ၁၁ရက်ကလည်း မဇောကျေးရွာနှင့် ပသောင်းကျေးရွာနေ အသက်၁၈နှစ်ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးသည် မင်းသန်းကျေးရွာရှိ ကွမ်းခြံတွင် အလုပ်လုပ်နေစဥ် ရွာရှိ ပျူစောထီးများနှင့် အနီးဝန်းကျင်ရှိ စလွန်းကျေးရွာမှ ရပ်ကျေး စာရေးက လာရောက်ဖမ်းဆီးပြီး စစ်မှုထမ်းပို့လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။







