BREAKING
October 19, 2025

မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ပျက်ကွက်သည့် နိုင်ငံစာရင်းတွင် ကန်အစိုးရက မြန်မာကိုထည့်သွင်း

September 19, 2025

ဓာတ်ပုံ - Reuters

ပြီးခဲ့သည့်နှစ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန် ‘သိသာထင်ရှားစွာ ပျက်ကွက်ခဲ့သည့်’ နိုင်ငံများစာရင်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို ယခုအပတ် တနင်္လာနေ့က ထည့်သွင်းလိုက်သည်။

ဗင်နီဇွဲလားမူးယစ်ဆေး သယ်ဆောင်လာသည်ဟု စွပ်စွဲခံရသည့် လှေတစ်စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ပြီးခဲ့သည့် ၁၂ လအတွင်း အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့သည် ၎င်းတို့၏ နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်များအောက်မှ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် သိသိသာသာ ပျက်ကွက်ခဲ့သည်ဟု ကျွန်ုပ် ဤနေရာတွင် သတ်မှတ်လိုက်သည်” ဟု ကွန်ဂရက်လွှတ်တော်သို့ တနင်္လာနေ့က တင်သွင်းခဲ့သည့် စာထဲတွင် ထရမ့်က ရေးသားထားသည်။

အဆိုပါ နိုင်ငံများအတွက် အမေရိကန်အစိုးရ၏ ကူညီထောက်ပံ့ပေးမှုမှာ အမေရိကန်အကျိုးစီးပွားအတွက် အင်မတန်အရေးပါသည်ဟုလည်း အဆိုပါ စာထဲတွင် ဖြည့်စွက်ဖော်ပြထားသည်။

မူးယစ်ဆေးဝါးဖြတ်သန်း ပို့ဆောင်ရာနှင့် ထုတ်လုပ်ရာ အဓိကနိုင်ငံ ၂၃ နိုင်ငံ စာရင်းကိုလည်း အဆိုပါ စာထဲတွင် ဖော်ပြထားသည်။

အဆိုပါ စာရင်းဝင်နိုင်ငံများ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဖြတ်သန်းပို့ဆောင်မှုများက အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်လုံခြုံမှုကို ခြိမ်းခြောက်နေကြောင်း ယခုအပတ် တနင်္လာနေ့က ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းသည့် စာထဲတွင် သမ္မတထရမ့်က ယင်းသို့ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် fentanyl နှင့် အခြားသော ဓာတုမူးယစ်ဆေးဝါးများက အမေရိကန်နိုင်ငံတွင် ပြင်းထန်သည့် ကျန်းမာရေးအကျပ်အတည်းတစ်ခု ဖြစ်ပေါ်နေစေသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ တင်သွင်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအတွက် တာဝန်ရှိသည်ဟု ဖော်ပြခံရသည့် နိုင်ငံ ၂၃ နိုင်ငံမှာ အာဖဂန်နစ္စတန်၊ ဘဟားမားစ်၊ ဘေလစ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလမ်ဘီယာ ၊ ကော်စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလားတို့ ဖြစ်သည်။

အဆိုပါ ၂၃ နိုင်ငံစာရင်းတွင် ထည့်သွင်းဖော်ပြခံရခြင်းက အဆိုပါ နိုင်ငံမှအစိုးရနှင့် အမေရိကန်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုအဆင့်အတန်းကို မထင်ဟပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းထားသည်။

အဆိုပါ နိုင်ငံမှ အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေကိုလည်း မထင်ဟပ်စေကြောင်းလည်း ရှင်းလင်းထားသည်။

စာရင်းတွင် ဖော်ပြခံရသည့် သက်ဆိုင်ရာနိုင်ငံမှ အစိုးရတစ်ရပ်အနေဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းအားထုတ်သော်လည်း မူးယစ်ဆေးဝါးများ ဖြတ်သန်းပို့ဆောင်ခြင်းနှင့် ထုတ်လုပ်ခြင်းကို ဖြစ်ပေါ်စေသည့် ပထဝီဝင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအချက်များ ပေါင်းစပ်မှုကြောင့်သာ အဆိုပါ စာရင်းတွင် ဖော်ပြခံရခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ဆိုသည်။

Source: Reuters ၊ Business Today