လောင်းလုံးမြို့နယ် ကျောက်တွင်းကျေးရွာအုပ်စုတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ခန့်အပ်ထားသော ကျေးရွာတာဝန်ခံကို အလိုမရှိကြောင်း ဒေသခံအချို့ ဆန္ဒပြခဲ့ကြသည်။
ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဒေသခံ ၅၀ ခန့်က ကျေးရွာအတွင်း လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ပအဖအဖွဲ့က ခန့်အပ်ထားသည့် ရပ်ကျေးတာဝန်ခံသည် ရပ်ရွာကိစ္စများတွင် ဒေသခံများနှင့်တိုင်ပင်လေ့မရှိဘဲ ၎င်းသဘောအလျှောက် လုပ်ကိုင်လေ့ရှိသူဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတို့က စွတ်စွဲပြောဆိုကြသည်။
“ရွာကိစ္စတွေလုပ်ရင် ရွာကိုတိုင်ပင်တာမရှိဘူး။ သူတို့လုပ်ချင်တာလုပ်တာ။ အရင်ကလည်းအဲလိုပဲ မတိုင်ပင်ဘဲ လုပ်တာတွေအများကြီးပဲ” ဟု ဆန္ဒပြရာတွင်ပါဝင်သူ ဦးသိန်းစိုးက ပြောသည်။
ကျောက်တွင်းကျေးရွာ ပအဖခန့်အပ်ထားသည့် ရပ်ကျေးတာဝန်ခံကမူ ရပ်ရွာကိစ္စအတွက် ဒေသခံများအား အစည်းအဝေးခေါ်ကာ တိုင်ပင်သင့်သည်ကို တိုင်ပင်ပြီး အသိပေးသင့်သည်ကို အသိပေးကာ အမြဲလုပ်ဆောင်လေ့ရှိကြောင်း ပြောဆိုသည်။
“အခုတစ်ကြိမ်မှာတော့ ရွာကို အစည်းအဝေးမခေါ်ဖြစ်တော့ဘူး။ ကျန်တဲ့ကိစ္စတွေမှာတော့ ကိုယ်ရပ်ရွာကိုအသိပေးတယ်။ သေးသေးမွှားမွှားကိစ္စလေးတွေကအစ အစည်းအဝေးခေါ်တယ်” ဟု ပအဖ ရပ်ကျေးတာဝန်ခံကဆိုသည်။
ဒေသခံများနှင့်တိုင်ပင်ခြင်းမရှိဘဲ လုပ်ဆောင်လေ့ရှိသည့် ပအဖ ခန့် ရပ်ကျေးတာဝန်ခံနေရာတွင် ဒေသခံများကိုယ်တိုင်ရွေးချယ်သည့် အခြားရပ်ကျေးတာဝန်ခံနှင့် အမြန်ဆုံးအစားထိုးပေးရန်လည်း ဆန္ဒပြရာတွင်ပါဝင်သည့် ဒေသခံများက တောင်းဆိုကြသည်။
ကျောက်တွင်းရွာ ရပ်ကျေးတာဝန်ခံဖြစ်သူကလည်း ၎င်းအနေဖြင့် ကျန်းမာရေးအခြေအနေအရ နုတ်ထွက်ခွင့်ပြုရန် မြို့နယ် ပအဖ တာဝန်ရှိသူများကို ခွင့်တောင်းထားပြီးဖြစ်ကြောင်း၊ ဒေသခံများရွေချယ်သည့် ရပ်ကျေးတာဝန်ခံ ခန့်အပ်မည့်ကိစ္စကိုလည်း လက်ခံနိုင်ကြောင်း Dawei Watch ကိုပြောဆိုသည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ၎င်းတို့ခန့်အပ်ထားသည့် ရပ်ကျေးတာဝန်ခံအစား ဒေသခံများကိုယ်တိုင် ရွေးချယ်သည့် ရပ်ကျေးတာဝန်ခံများအား ပြောင်းလဲခန့်အပ်သည့်ပုံစံကို ကျေးရွာအချို့တွင် စတင်လုပ်ဆောင်နေကြောင်း တွေ့ရသည်။







