အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်မြို့သို့လာရောက်ရန် ရှိနေသဖြင့် ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံ့ဆိုးထွက်ရှိမှု မရှိသလောက်လျော့နည်းသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး အဆိုပါစက်ရုံများမှ အနံ့ဆိုးထွက်မှု နည်းသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။
ငါးအမှုန့်ကြိတ်စက်များမှ ထွက်ရှိသည့်အနံ့ဆိုးများ မြိတ်မြို့နေရာအနှံ့တွင် ကာလကြာရှည် ဆိုးဆိုးရွားရွားနံနေရာက စစ်ခေါင်းဆောင်မလာမီ တစ်ရက်အလိုတွင် စတင်လျော့သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။
စစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ထားဝယ်မြို့ကိုရောက်လာပြီး မြို့တော်ခန်းမဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ယနေ့တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိရာ မြိတ်မြို့သို့ ရောက်ရှိနေကြောင်း သတင်းထွက်နေသည်။
“မင်းအောင်လှိုင်လာလို့ အနံ့ပျောက်သွားတာ။ ဘိတ်(မြိတ်)တစ်မြို့လုံး နံလို့အော်နေတာတောင်မှ ဂရုမစိုက်ဘူး။ ဘယ်နေ့ ပြန်နံလာမလဲတော့မသိဘူး။ စက်တော့ ရပ်မရပ်မသိဘူး အနံ့ရတာတော့ သိသိသာသာနည်းသွားတယ်။ စက်ရုံနဲ့နီးတဲ့ ရပ်ကွက်တွေမှာတော့ အနံ့ရနေသေးတယ်လို့ ပြောနေကြတယ်”ဟု မြိတ်တောင်ရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောသည်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်တွင် ငါးအမှုန့်ကြိတ်စက်ရုံ ၄ ရုံနှင့် မြိတ်တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းပေါ်တွင် စက်ရုံ ၁ ရုံ စုစုပေါင်း စက်ရုံငါးရုံရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။
၂၀၂၃ခုနှစ်ဝန်းကျင်က ငါးအမှုန့်ကြိတ်စက်များမှထွက်လာသည့် အနံ့ဆိုးများက အချိန်ပိုင်းလောက်သာ နံသော်လည်း ယင်းနောက်ပိုင်းတွင် တစ်ရက်လုံးနီးပါးအနံ့ရကာ တစ်မြို့လုံးအနှံ့နံနေကြောင်း မြို့ခံများက Dawei Watch ကို ပြောဆိုထားသည်။
ထိုအကြောင်းကို Dawei Watch က စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတင်းတင်ဆက်ခဲ့ပြီးဖြစ်သည်။ https://www.daweiwatch.com/10/09/2025/118322/
ထိုနောက် စက်တင်ဘာ ၁၆ရက်နေ့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာအချို့က အဆိုပါစက်ရုံများကို ဝင်ရောက်စစ်ဆေးပြီး သတိပေးခဲ့သည်ဟုကြားသိရကြောင်း မြိတ်မြို့ခံနောက်တစ်ဦးက ဆိုသည်။
ထိုသို့ဝင်ရောက်စစ်ဆေးခဲ့သော်လည်း အနံ့ဆိုးထွက်နေဆဲဖြစ်ပြီး စစ်ခေါင်းဆောင်ရောက်လာသည့် အချိန်မှ အနံ့နည်းသွားကြောင်း ၎င်းက ပြောသည်။
“အရင်နေ့တွေတုန်းကဆို မနက်နံ ညနံ တစ်နေကုန်ဒီအနံ့နဲ့ ။အခုတော့သိသိသာသာ ပျောက်နေတယ်။ မင်းအောင်လှိုင်ကို ဘိတ်(မြိတ်)မှာပဲနေခိုင်းမှရတော့မယ်”ဟု အထက်ပါ မြို့ခံကဆိုသည်။
စစ်ခေါင်းဆောင် မြိတ်မြို့ကိုလာမည်ဖြစ်သည့်အတွက် ဘေးတွဲဆိုင်ကယ် မောင်းနှင်းခွင့်ကို စက်တင်ဘာလ ၁၈ရက်မှ ၂၀ ရက်နေ့အထိ ပိတ်ပင်ထားပြီး ကမ်းနားလမ်းရှိ ဆိုင်အချို့လည်း ပိတ်ထားရကြောင်း မြို့ခံအချို့ထံမှ သိရသည်။