BREAKING
October 18, 2025

ကော့သောင်းတွင် လေပြင်းကြောင့် နေအိမ်များပျက်စီး

September 19, 2025

ဓာတ်ပုံ - ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့(ကော့သောင်း)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယနေ့ (စတင်ဘာ ၁၉) နံနက် ၈ နာရီခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ခဲ့၍ နေအိမ်နှစ်ဆောင် သစ်ပင်ပိပျက်စီးခဲ့ပြီး ငါးလုပ်ငန်းဇုန်အတွင်းရှိ အ‌ ဆောက်အအုံများလည်း အမိုးလန်ပျက်စီးခဲ့ကြောင်း ကော့သောင်းမြို့ခံနှင့် ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့တို့ထံမှ သိရသည်။

ရွှေဟင်္သာရပ်ကွက်၊ စာသင်းကျောင်းအနီးရှိ လူနေအိမ်နှင့် အုန်းတောလမ်းဆုံအနီးတွင်ရှိသည့် နေအိမ်တစ်ဆောင်တို့မှာ သစ်ပင်ပိသွားကြောင်း ယင်းအပြင် ရွှေအဏ္ဏဝါရပ်ကွက်ရှိ မြိုလယ်ကျောင်းနှင့် ပြည်တော်အေးစေတီအနီးတို့တွင်လည်း သစ်ပင်များလဲကျခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရသည်။

“လေတိုက်တာကစက္ကန့်ပိုင်းပဲ အဲဒီမှာဖြစ်သွားတာ တော်တော်ပြင်းတယ်။ လူထိခိုက်တာတွေတော့ မရှိဘူး”ဟု ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လေပြင်းကြောင့် ထိခိုက်ပျက်စီးမှုများကို ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့နှင့် မြို့ခံများပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းက ထားဝယ်မြို့ရှိ တလိုင်းထိန်နှင့် တလိုင်းမရပ်ကွက်တို့တွင်လည်း ရုတ်တရက် တိုက်ခတ်သည့်လေပြင်းကြောင့် နေအိမ် ၇ ဆောင် အမိုးလန်ပျက်စီးခဲ့ဖူးသည်။

ကော့သောင်းမြို့နှင့် ထားဝယ်မြို့များတွင် စက်တင် ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှစ၍ယနေ့ နံနက်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းနေကြောင်း မြို့ခံများထံမှသိရသည်။

ယနေ့မိုးလေဝသအခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေပြီး တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း မီတက်(MITAG)သည်လည်း အနောက်မြောက်ဘက်သို့ ရွှေ့လျားနေပြီး ဆက်လက်တည်ရှိနေသည်ဟု စစ်ကော်မရှင်၏မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

ယင်းကြောင့် ယ‌နေ့ညနေ့အထိ ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် ကျန်တိုင်းနှင့်ပြည်နယ်၅ ခုတို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် တနင်္သာရီတိုင်း၊ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်လည်း နောက်နှစ်ရက်အထိ မိုးပိုလာနိုင်ကြောင်း ခန့်မှန်းထားသည်။