BREAKING
October 19, 2025

ကလိန်အောင် - ကံပေါက်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တစ်ခု ထပ်တိုးဖွင့်

September 19, 2025

ပုံစာ - အသစ်ဖွင့်လိုက်သည့် ဂိတ်အနီးရှိ ဦးပိုင်ကုမ္ပဏီပိုင် ကံပေါက် ဆီအုန်းခြံကို ဝေဟင်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ဒေါနတပ်ခွဲ - ၆။

ရေဖြူမြို့နယ် ကလိန်အောင် – ကံပေါက်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က ယခု စက်တင်ဘာလ ဒုတိယအပတ်ကစ၍ စစ်ဆေးရေးဂိတ်တစ်ခု ထပ်တိုးဖွင့်လိုက်ထားကြောင်း လမ်းပိုင်းအသုံးပြုသည့် ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။

တိုးချဲ့ဖွင့်လှစ်သည့် ဂိတ်ကို စစ်အုပ်စုနှင့်ဆက်စပ်သည့် ဦးပိုင်ကုမ္ပဏီပိုင် ကံပေါက်ဆီအုန်းခြံနှင့် ဂန့်ဂေါ်တောင် ဘူတာ အကြားတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းလမ်းပိုင်းသည် ကံပေါက်တိုက်နယ်နှင့် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကလိန်အောင်မြို့ကို ဆက်သွယ်ထားသည့် မြို့နယ်ချင်းဆက် ကားလမ်းပေါ်တွင် ရှိသည်။ ယခင်ကတည်းက အဆိုပါ လမ်းပိုင်း၌ ဂန့်ဂေါ်တောင် စစ်ဆေးရေးဂိတ်တစ်ခု တည်ရှိသည်။

လက်ရှိတွင် စစ်ဆေးရေးဂိတ်နှစ်ခုစလုံးတွင် မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများ နေရာယူထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဂန့်ဂေါ်တောင်ဂိတ်မှာက နေ့တိုင်းဖြတ်သန်းနေတော့ လူသိတွေလိုဖြစ်သွားပြီ။ ဖြတ်လို့အဆင်ပြေတယ်။ အခု ဆီအုန်းခြံ ဂိတ်အသစ်က လူအသစ်တွေ နည်းနည်းပိုစစ်တယ်။ ပြီးတော့ ဂိတ်တစ်ခုနဲ့တစ်ခုလည်း အချိတ်အဆက်မရှိကြဘူး။ ဥပမာ ဂိတ်တစ်ခုက ဆန်အိတ်ခွင့်ပြုလိုက်တယ်။ နောက်တစ်ဂိတ်ရောက်ရင် ဆွဲချခံရတာမျိုးရှိတယ်” ဟု ကံပေါက်ရွာခံ ကားသမားတစ်ဦးက ပြောသည်။

ကံပေါက် ဦးပိုင်ဆီအုန်းခြံက အရာရှိတစ်ဦးအပါအဝင် ဝန်ထမ်းနှင့် မိသားစု ခုနစ်ဦးကို ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံး အပတ်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ဖမ်းဆီးသွားပြီးနောက် ဆီအုန်းခြံနှင့် ဆက်စပ်နေသည့် ဖားချောင်းအုပ်စုကို စစ်အာဏာရှင်တပ်က ရက်သတ္တပတ်အကြာ စစ်ကြောင်းထိုးခဲ့သည်။

ယင်းသို့စစ်ကြောင်းထိုးပြီးနောက် ယခုစစ်ရေးဂိတ်အသစ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဆီအုန်းခြံက ဖမ်းလာသူ ခုနစ်ဦးမှာ သုံးဦး လွတ်ပေးပြီးပြီ။ အရာရှိတစ်ဦးအပါဝင် လေးဦးကတော့ စစ်ဆေးနေဆဲပါ” ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ကံပေါက်တိုက်နယ်ကို တော်လှန်ရေးတပ်များ ထိုးဖောက်ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် ကလိန်အောင်လမ်းပိုင်းတွင် ဂိတ်နှစ်ခု၊ သဲချောင်းကျေးရွာအုပ်စုနှင့် ဖောင်းတောကျေးရွာအုပ်စုတွင် ပျူစောထီး ဂိတ်နှစ်ခု၊ မင်းသား ကျေးရွာအုပ်စုတွင် ပျူစောထီးဂိတ်တစ်ခု၊ ပယရွာတွင် တပ်စွဲထားသည့် နေရာခြောက်ခုတို့ဖြင့် ပြင်ဆင်ထား ကြောင်း တော်လှန်အင်အားစုများထံမှ သိရသည်။

ကံပေါက်တိုက်နယ်တွင် စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေ အများအပြားရရှိနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ အော်ပရေးရှင်းစင်တာများ အခြေစိုက်ပြီး စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်လည်း တည်ရှိသည်။