BREAKING
October 18, 2025

တော်လှန်မြေမှာ ဖူးတံဝင့်စေဖို့

August 19, 2025

‘ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ’

ဆိုသော်လည်း စစ်မီးတောက်နေသည့် မြန်မာနိုင်ငံတွင် ပန်းကလေးများပွင့်ဖို့ အခက်အခဲ အတားအဆီးများစွာ ရင်ဆိုင်နေကြရသည်။

အထူးသဖြင့် လွတ်မြောက်နယ်မြေဟု ခေါ်ဆိုကြသည့် တော်လှန်ရေးဒေသများတွင် ကလေးများ စာသင်ခွင့်ရရေး ပိုမိုခက်ခဲလာနေသည်။

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအထိ တောင့်ခံကာ ပဋိပက္ခဒေသမှကလေးများ ပညာသင်ခွင့်ရရေး လုပ်ဆောင်နေကြသည့် CDM ဆရာများအပါအဝင် ပညာရေးအဖွဲ့များမှာ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ခက်ခဲလာနေပြီဖြစ်သည်။

ပဋိပက္ခနှင့် တိုက်ပွဲကာလကြားတွင် ဖွင့်လှစ်ရသည်ဖြစ်ရာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ရှေ့ဆက်သွားနေကြသည်။

အချို့ဒေသများတွင်မူ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် မြေပြင်ကျောင်းများ ပိတ်ထားရမှုများလည်းရှိနေသည်။

တော်လှန်ရေး နယ်မြေများရှိ ကျောင်းများမှာ စစ်ရေးခြိမ်းခြောက်မှုများအပြင် ဘဏ္ဏာငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များလည်း ကြီးမားလာနေသည်။

စာသင်ကြားရာတွင် လိုအပ်သည့် ကျောင်းစာအုပ်များအပါအဝင် စာရေးကိရိယာများ သယ်ဆောင်ရခက်ခဲသဖြင့် စျေးကြီးပေးဝယ်နေရသည့်အပြင် အခြားသင်ထောက်ကူ ပစ္စည်းများလည်း ရှားပါးမှုများ ရင်ဆိုင်နေရသည်။

ယင်းအပြင် ဆရာ၊ဆရာမများမှာလည်း လစာခံစားခွင့်မရဘဲ ကာလကြာရှည်လုပ်ကိုင်လာရမှုကြောင့် အချို့လည်း ဆက်လက်လုပ်ကိုင်ရန် မတတ်သာသဖြင့် စာသင်ကြားမှုကို စွန့်ခွာသွားကြ၍ ဆရာ၊ဆရာမ လိုအပ်ချက်လည်း မြင့်မားလာနေသည်။

အခြားတစ်ဖက်တွင်လည်း စီးပွားရေးကျပ်တည်းမှု၊ စာသင်ကြားခွင့်ရရန်ခက်ခဲမှု၊ နယ်မြေမလုံခြုံမှုတို့ကြောင့် စာသင်ကျောင်းကို ကျောခိုင်းသွားကြရသည့် ကလေးများ၊လူငယ်များလည်း တိုးလာနေသည်။

ကျောင်းနေမှု ကျဆင်းလာ

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းမှာ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၄ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းတို့တွင် အပ်နှံထားသည့်အရေအတွက်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်သူ နှစ်သိန်းနှစ်သောင်းခန့်ရှိသော်လည်း ယခုပညာသင်နှစ်တွင် ဇွန်လစာရင်းအရ ကျောင်းအပ်သူ တစ်သိန်းကိုးသောင်းစွန်းစွန်းသာရှိသဖြင့် ပြီးခဲ့သည့်နှစ်ကထက် သုံးသောင်းခန့် လျော့နည်း နေသေးသည်။

တိုက်ပွဲများ၊ ပဋိပက္ခများနှင့် နယ်မြေမအေးချမ်းသည့် ဒေသအများစုတွင်မူ စာသင်ကျောင်းများ ပိတ်ထားရသလို တော်လှန်ရေးနယ်မြေများတွင် ရသည့်နည်းဖြင့် ဖွင့်လှစ်နေကြသည့် စာသင်ကျောင်းများမှာလည်း စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေကြရသည်။

တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် စစ်ကောင်စီ၏ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော်လည်း အမျိုသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကျောင်းများအပါအဝင် စာသင်ဝိုင်းများက ကလေးများ ပညာရေးအတွက် ဖြည့်ဆည်းပေးနေကြသည်။

တနင်္သာရီတိုင်းအတွင်းတွင်လည်း မြို့နယ်အများစုတွင် မြေပြင်ကျောင်းများ၊ အွန်လိုင်းကျောင်းများ ဖွင့်လှစ်ပြီး ကလေးများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး ကြိုးပမ်းနေကြသည်။

တနင်္သာရီမြို့နယ်အတွင်းမှာပင် NUG အစီအစဉ်ဖြင့် ဖွင့်ထားသော ကျောင်းပေါင်း ၄၀ ကျော်ရှိပြီး ဆရာ၊ဆရာမ ၄၀၀ ကျော်နှင့် ကျောင်းသားအရေအတွက် ၇၀၀၀ ကျော်ရှိကာ KG မှ G12 အထိ သင်ကြားနေကြောင်း သိရသည်။

သို့သော် ပဋိပက္ခဒေသများတွင် အလုပ်အကိုင်ခက်ခဲသဖြင့် စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ စာသင်ကျောင်းများတွင် ပေးရသည့် စရိတ်စက မတတ်နိုင်ခြင်း၊ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရန် လိုအပ်လာခြင်းတို့ကြောင့် ကျောင်းမတက်နိုင်တော့သည့် လူငယ်များ ရှိလာကြောင်း တွေ့ရသည်။

ထားဝယ်ပညာရေးအင်စတီကျူ့(TEI)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာကျောင်းကလည်း လူကြီးမိဘများ၏ စားဝတ်နေရေးအကျပ်အတည်းက ကလေးများအပေါ်ရိုက်ခတ်လာပြီး ကျောင်းထွက်လိုက်ရသည့် ကလေးပိုများလာသည်ဟု ဆိုသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနှင့် စစ်ကော်မရှင်၏ ဖြတ်တောက်ပိတ်ဆို့မှုများကြောင့် မိဘအုပ်ထိန်းသူများ အကျပ်အတည်းဆိုက်လာစေကြောင်း ၎င်းက ပြောသည်။

“ကျောင်းသားတွေဆိုတာကတော့ မိဘတွေကို မှီခိုပြီးရပ်တည်ရတာကို။ အဲတော့ဗျာ အခုချိန်မှာ စားဝတ်နေရေး အကျပ်အတည်းက ကလေးတွေအပေါ်ကို ရိုက်ခတ်လာပါတယ်။ နောက်တော့ စားဝတ်နေရေးအတွက် ကျောင်းထွက်ရတယ်ဆိုတာတွေဖြစ်လာပါတယ်”ဟု ဆရာကျောင်းက ဆိုသည်။

ယင်းအပြင် မြေပြင်ကျောင်းများတွင် လက်ရှိကြုံတွေ့နေရသည့် ဘဏ္ဍာရေးပြဿနာနှင့် သင်ကြားရေး ဆိုင်ရာ အခက်အခဲများကြောင့် ကလေးများ စာသင်ကြားနိုင်ရေး ပိုခက်ခဲလာနိုင်ကြောင်းလည်း တွေ့ရသည်။

ယင်းကြောင့် ယခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း စာသင်ကြားခွင့်မရသည့် ကလေးများပိုမိုများပြား လာနေသည်။

သင်ထောက်ကူနှင့် လူ့စွမ်းအား အခက်အခဲ

မြေပြင်ကျောင်းများရှိ သင်ကြားရေးဆရာဆရာမအများစုမှာ ပုံသေလစာမရကြဘဲ ထောက်ပံ့ကြေး တစ်ခုတည်းဖြင့်သာ ရပ်တည်နေကြရပြီး ခေတ်ကာလနှင့် လျော်ညီသည့် ငွေကြေးပမာဏကို မထောက်ပံ့နိုင်သေးသည့် အခြေအနေဖြစ်နေသည်။

ဆရာ၊ဆရာမတစ်ဦးကို တစ်လလျှင် ငွေကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းဝန်းကျင်အထိ ထောက်ပံ့နေသည်ဟု အကြမ်းဖျင်းသိရသော်လည်း အများစုမှာ ကျပ်သောင်းဂဏန်းသာ ရရှိကြသည်။

အဆိုပါထောက်ပံ့ငွေကြေးက အစစအရာရာကြီးမြင့်နေသည့် ကုန်ဈေးနှုန်းကို မကာမိသည့်အတွက် ရေရှည်ရပ်တည်ရန် အခက်အခဲဖြစ်နေကြောင်း တနင်္သာရီမြို့နယ်အတွင်းရှိ CDM ဆရာမတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားနေသည့် ဆရာ၊ဆရာမများကလည်း စစ်ရှောင်များဖြစ်သည့်အတွက် ဝမ်းစာရေးအခက်အခဲရှိလာကြောင်း၊ ထိုအခက်အခဲကို ကျောင်းတွင်မုန့်ရောင်းပြီး ဖြေရှင်းနေရကြောင်း အဆိုပါဆရာမက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပညာရေးဝန်ကြီးဌာန (MOE)၊ မြေပြင်ကျောင်းရှိ ကျောင်းသားမိဘများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က သင်ကြားရေးဆရာ ဆရာမများကို ထောက်ပံ့ကြေးပုံမှန် ပေးနေကြောင်း၊ သို့သော်ကျောင်းကပေးသည့် ထောက်ပံ့ကြေးမှာ လက်ရှိအခြေအနေအရ မလောက်ငသည့် အနေအထား ဖြစ်လာသည်မျိုးရှိနေကြောင်း တနင်္သာရီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်းဆိုသည်။

“ဆရာတွေရှားပါးလာရတဲ့ အဓိကအကြောင်းအရင်းအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှပေါ့နော်။ CDM ဆရာတွေရှိမယ်။ volunteer (စေတနာ့ဝန်ထမ်း) ဆရာတွေအနေနဲ့ပေါ့နော်။ ကိုယ့်ရဲ့မိသားစုအခြေအနေကို ပြန်ပြီးတော့ ကြည့်ရတယ်။ စားဝတ်နေရေး ခက်ခဲလာတယ်ပေါ့နော်။ ကုန်ဈေးနှုန်းတွေလည်း မြင့်မားလာတယ်။ လမ်းပန်းဆက်သွယ်ရေး စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေကြောင့် တစ်ဖက်မှာလည်း စေတနာ့ဝန်ထမ်းတွေနဲ့လုပ်နေတဲ့ ပညာရေးအပိုင်းကို သူတို့ရပ်နားလိုက်ရတဲ့ဟာတွေကို အဓိကတွေ့ရပါတယ်” ဟု ၎င်းကရှင်းပြသည်။

ယင်းအခြေအနေများကြောင့်လည်း ပညာသင်ကြားပေးမည့် ဆရာဆရာမဦးရေလျော့နည်းလာသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဆရာ၊ဆရာမများအတွက် ထောက်ပံ့မည့်ငွေနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်း ဝယ်ယူရန်အတွက် ဘဏ္ဏာငွေကြေးလိုအပ်ချက်က ရှိနေဆဲဖြစ်ကြောင်း တနင်္သာရီပညာရေးဘုတ်အဖွဲ့ ထံမှ သိရသည်။

“သင်ထောက်ကူပစ္စည်းတွေကတော့ အခုချိန်မှာဝယ်ဖို့ခက်ခဲလျက်ရှိပါတယ်။ ဆိုတဲ့အခါကျတော့ ကျောင်းမှာရှိတဲ့ ကျောင်းသုံးရုံးသုံး အခြေခံသင်ထောက်ကူပစ္စည်းတွေ ဥပမာ- ဗလာစာရွက်တွေ A4 စာရွက်တွေပေါ့နော်။ ပြီးတော့ ရောင်စုံစက္ကူတွေရှိမယ်။ဆိုတော့ အဲဒါတွေနဲ့ အဓိကသုံးပြီးသင်တယ်” ဟု တနင်္သာရီပညာရေးဘုတ်အဖွဲ့မှ အထက်ပါတာဝန်ရှိသူက ဆိုသည်။

ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ လိုအပ်မှုအပါအဝင် အခြားဘဏ္ဏာငွေကြေး လိုအပ်ချက်များ ဆက်တိုက်ရှိလာပါက ကလေးများ၏ ပညာသင်ယူခွင့် နှောင့်နှေးလာနိုင်ကြောင်း တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူနောက်တစ်ဦးက ထောက်ပြသည်။

“ရန်ပုံငွေအခက်အခဲကြောင့် ကျောင်းရဲ့ လိုအပ်ချက်တွေ မဖြည့်စွက်နိုင်ရင် ပညာသင်ယူခွင့်ရှိတဲ့ ကလေးငယ်တိုင်း လုံလောက်တဲ့ပာာ မရတာ၊ ကျောင်းမတက်နိုင်တော့တဲ့ အခြေအနေထိ ရောက်လာမယ်။ ဒါလောက်အထိ မဖြစ်နိုင်အောင် အခုကတည်းက ပြင်ဆင်ထားမှုတွေလုပ်ဖို့ လိုနေပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ရေးပစ်မှတ်

ကမ္ဘာအရပ်ရပ်တွင် ဘေးကင်းလုံခြုံဆုံးဟုဆိုသော စာသင်ကျောင်းများမှာ မြန်မာနိုင်ငံတွင်တော့ စစ်ရေးပစ်မှတ်များ ဖြစ်နေသည်။

အာဏာသိမ်း စစ်အာဏာရှင်တပ်မှာ တော်လှန်ရေးနယ်မြေများကို ဗုံးကြဲတိုက်ခိုက်ရာတွင် စာသင်ကျောင်းများကိုပါ ပစ်မှတ်ထားပြီး ဆက်တိုက်တိုက်ခိုက်နေသည်။

စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ယူနေသည့် ကျောင်းသူကျောင်းသား ဆယ်ချီသေဆုံးရသည့်ဖြစ်စဉ်များကလည်း ခပ်စိပ်စိပ်ဖြစ်လာသည်။

ထိုကြောင့်လည်း ပြည်သူ့အခြေပြုကျောင်းများ ယာယီရပ်နားထားရန် အမျိုးသားညီညွတ်ရေးအစိုးရက ယခုနှစ် မတ်လ ၂၅ ရက်တွင် ညွှန်ကြားခဲ့သည်။

စာသင်ကျောင်း အပါအဝင် လူစုလူဝေးရှိသည့်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံဆောင်ရွက်နေချိန် ပြည်သူ့အခြေပြုကျောင်းများ ယာယီရပ်နားထားရန် ညွှန်ကြားထားခြင်းဖြစ်သည်။

ထိုသို့ ပြည်သူ့အခြေပြုကျောင်းများ ယာယီရပ်နားလိုက်သည့်အတွက် ပညာသင်ယူခွင့်မဲ့သွားချိန်တွင် ကျောင်းသူကျောင်းသားအချို့က ရရာအလုပ်ကို ဝင်လုပ်ရင်း စာသင်ခန်းနှင့် ဝေးကွာလာသည်။

“စာသင်ကျောင်းဗုံးကျဲတာတွေကြောင့် မြေပြင်ကျောင်းအားလုံးစိုးရိမ်ကြတယ်။ မြေပြင်မှာလည်း လေကြောင်းတိုက်ခိုက်မှုခြိမ်းခြောက်မှုခံရတဲ့ ကျောင်းတွေရှိနေတယ်။ လတ်တလောမှာ NUG MOEက ညွှန်ကြားချက်အတိုင်း ပိတ်ထားပါတယ်။ ပြင်ဆင်ချက်ကတော့ ဗုံးခိုကျင်းတွေ ပြန်လည်ပြင်ဆင်နိုင်ဖို့ ကျောင်းအလိုက်လုပ်ဆောင်နေပါတယ်” ဟု တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

သို့သော် စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများ တည်ဆောက်ရေးအတွက် ငွေကြေးလိုအပ်ချက်များ ရှိနေပြီး ယင်းလိုအပ်သည့် ငွေကြေးများရရှိရန် NUG အစိုးရက ဦးဆောင်ပြီး ပြည်သူများထံ အလှူခံသည့် အစီအစဉ်များ လုပ်ဆောင်နေသည်။

စာသင်ကြားရေးအတွက် ဘဏ္ဍာရေးလိုအပ်နေချိန်တွင် လုံခြုံရေးအတွက်ပါ ငွေထပ်လိုလာခြင်းကြောင့် အခက်အခဲများ ပိုတိုးလာနေကြောင်း ပညာရေး အသိုင်းအဝိုင်ထံမှ သိရသည်။

လက်ရှိ မြေပြင်စာသင်ကျောင်းများတွင် ဗုံးခိုကျင်းမလုံလောက်ခြင်းကလည်း ကလေးများအတွက် လုံခြုံမှုအားနည်းနေကြောင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းမှ ဆရာတစ်ဦးက ဆိုသည်။

“တစ်ကယ့်တစ်ကယ်ဖြစ်လာရင်တော့ ဒီကျင်းထဲမှာပဲ (ကျောင်းသားကျောင်းသူ)၁၅၀၊၂၀၀ လောက်က ပြွတ်သိပ်ပြီးနေ နေရတယ်။ အဲဒီတော့ အခက်အခဲက ဗုံးခိုကျင်းအစီအမံကငယ်ပြီး ကျောင်းသားလူဦးရေက များတာမလို့ အထဲမှာကျောင်းသားငယ်တွေအနေနဲ့ အသက်ရှူကျပ်တာတွေဖြစ်ပါတယ်” ဟု အထက်ပါ ကျောင်းဆရာက ပြောသည်။

ဒေသထွက် သစ်၊ ဝါး၊ သဲအိတ်ဖြင့်လုပ်ထားသည့် ဗုံးခိုကျင်းတစ်ကျင်းလျှင် ငွေကျပ် သိန်းနှစ်ဆယ်ဝန်းကျင်ကုန်ကျပြီး ဘိလပ်မြေသုံးပြီး ကွန်ကရစ်ဗုံးခိုကျင်းလုပ်ပါက ကျပ် သိန်း ၅၀ ကျော် ကုန်ကျသည့်အတွက် စစ်ဘေးရှောင်စာသင်ကျောင်း များအတွက် ကြီးမားသည့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေကြောင်း ညီးတွားကြသည်။

ပန်းကလေးများ ဖူးတံဝင့်စေဖို့

စာသင်ကြားရေးအတွက် ဘဏ္ဍာရေးလိုအပ်နေချိန်တွင် လုံခြုံရေးအတွက်ပါ ငွေထပ်လိုလာခြင်းကြောင့် အခက်အခဲများ ပိုတိုးလာနေကြောင်း ပညာရေး အသိုင်းအဝိုင်ထံမှ သိရသည်။

တနင်္သာရီတိုင်းကဲ့သို့ပင် မြန်မာနိုင်ငံရှိ တော်လှန်ရေးနယ်မြေ အားလုံးလိုလိုတွင် အလားတူပြဿနာများ ရင်ဆိုင်နေရကြောင်း၊ အထူးသဖြင့် ပညာရေးအတွက် ဘဏ္ဍာရေးလိုအပ်ချက်မှာ အကြီးမားဆုံး အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။

ကြားကာလ အုပ်ချုပ်ရေးကို ပီပီပြင်ပြင် လုပ်ဆောင်နေနိုင်ပြီဖြစ်သည့် ကရင်နီပြည်တွင်လည်း ပညာရေးပိုင်း၌ တနင်္သာရီတိုင်းကဲ့သို့ပင် ဘဏ္ဍာရေးလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များ ကြီးကြီးမားမားရှိနေသည်။

ယခင်က ကရင်နီပြည်ပညာရေး အသုံးစရိတ်အတွက် နိုင်ငံတကာဒိုနာ(အလှူရှင်) များထံမှ အကူအညီရရှိနေကြောင်း နိုင်ငံတကာအဖွဲ့များမှ ရငွေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ USAID အဖွဲ့ထံမှရရှိနေသော်လည်း အမေရိကန်အစိုးရ၏ မူဝါဒအပြောင်းအလဲကြောင့် ယခုနှစ်တွင် မရတော့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ပညာရေးဌာနမှ ဌာနမှူးကြီး မော်မိမာကရှင်းပြသည်။

ယင်းကြောင့် ယခုနှစ်တွင် အခြားနိုင်ငံတကာဒိုနာများ ထပ်တိုးရရှိနိုင်ရန် ကြိုးစားလုပ်ဆောင်နေသလို အခြားတစ်ဖက်တွင်လည်း မိဘများနှင့် ကျောင်းကော်မတီတို့ တွေ့ဆုံဆွေးနွေးပြီး မိဘများက ကျောင်းလခသဘောမျိုး ပေးသည့်ပုံစံဖြင့် သွားနေသည့်ကျောင်းများလည်း ရှိကြောင်း ၎င်းကဆိုသည်။

ဖတ်စာအုပ်အတွက် ကုန်ကျစရိတ်အလွန်များသဖြင့် ဖတ်စာအုပ်ကို မျှသုံးသည့်စနစ်ဖြင့် သင်ကြားကြပြီး ရှိသည့်ပိုက်ဆံကို စာအုပ်နှင့်စာရေးကိရိယာများအတွက် ဦးစားပေးအသုံးပြုကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင်ရေးစာအုပ်၊ ဖတ်စာအုပ်မရှိပါက စာမသင်နိုင်သည်မျိုး မဖြစ်စေရန်အတွက်လည်း ပြင်ဆင်နေကြောင်း၊ အဓိကက ကလေးများ သင်ယူလေ့လာမှု အဆတ်မပြတ်ရန် ဦးတည်လုပ်ဆောင်နေပြီး ပတ်ဝန်းကျင်မှ လေ့လာသင်ယူနိုင်ရေး နည်းလမ်းရှာနေကြောင်းလည်း ၎င်းကရှင်းပြသည်။

စစ်အာဏာရှင်ကို တော်လှန်နေသည့် ကာလအတွင်း တော်လှန်ရေးနယ်မြေမှကလေးများ ပညာသင်ယူမှု အဆက်မပြတ်စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရပြီး နိုင်ငံတကာအဖွဲ့အစည်းများထံမှ ပညာရေးဆိုင်ရာ အကူအညီများ ရရှိရေးမှာ အလွန်အရေးကြီးကြောင်းလည်း ပညာရေးအသိုင်းအဝိုင်းကဆိုသည်။

ယင်းသို့ ဘဏ္ဏာငွေကြေးလိုအပ်ချက်၊ ကျောင်းသုံးပစ္စည်းလိုအပ်ချက်၊ ဆရာဆရာမ လိုအပ်ချက်နှင့် စစ်အာဏာရှင်တပ်၏ လေကြောင်းရန်၊ လက်နက်ကြီးရန်များ ရင်ဆိုင်နေရသော်လည်း တော်လှန်ရေးနယ်မြေမှ ကလေးများပညာသင်ယူခွင့်ရရှိရေး နည်းလမ်းစုံဖြင့် ကြိုးစားနေကြသည်။

တနင်္သာရီမြို့နယ်မှ ကျောင်းဆရာတစ်ဦးက “တော်လှန်သော ပညာရေးအသိုင်းအဝိုင်းကတော့ အခက်အခဲတွေကြားထဲကပဲ တိုင်းပြည်ရဲ့ အနာဂတ်ပညာရေးကို ပုံဖော် ရှေ့ဆက်နေဆဲပါ” ဟုဆိုသည်။