BREAKING
October 19, 2025

မွန်တွင် ထိုင်းကုန်ပစ္စည်းများ စျေးတက်

August 19, 2025

ပုံစာ - မော်လမြိုင်မြို့ပေါ်က ထိုင်းကုန်ပစ္စည်းအရောင်းဆိုင်များ စစ်ကောင်စီ လက်အောက်ခံ ပူးပေါင်းအဖွဲ့များက လိုက်လံစစ်ဆေးနေစဉ် (ပုံဟောင်း) ဓာတ်ပုံ - ပြည်နယ် စစ်ကောင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ထိုင်းကုန်ပစ္စည်းများတင်သွင်းခွင့်ကို စစ်ကော်မရှင်က ပိတ်လိုက်ပြီးနောက် ထိုင်းထုတ်ကုန်များ မွန်ပြည်နယ်တွင် စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

မြဝတီ-မဲဆောက် အမှတ် ၂ တံတားမှတစ်ဆင့် ကုန်တင်ကားများ ဖြတ်သန်းသွားလာခွင့်ကို သြဂုတ်လ ၁၈ ရက်ကစပြီး မြန်မာစစ်ကော်မရှင်က ပိတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် မွန်ပြည်နယ် စျေးကွက်အတွင်း ထိုင်းစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဆီ၊ အချိုမှုန့်၊ အသားမှုန့်၊ မုန့်၊ အချိုရည်၊ ဆပ်ပြာမှုန့် အစရှိသည့် ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် တစ်ထောင်မှ ငါးထောင်အထိ စျေးတက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“မွန်ပြည်နယ်မှာက ထိုင်းက ပစ္စည်းတွေပဲ အသုံးများတယ်လေ။ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် ငံပြာရေကအစ ထိုင်းက လာတဲ့ဟာပဲ အသုံးများတယ်။ ဆီတို့ ဘာတို့ဆိုရင်လည်း ထိုင်းကလာတဲ့ဆီတွေပဲ သုံးကြတယ်။ ဆိုတော့ ပစ္စည်းက သယ်လာလို့ မရဘူး။ မပေးသယ်ဘူး။ မပေးသွင်းဘူး အဲဒီလိုအခြေအနေမှာဆိုရင် ပစ္စည်းတွေက ‌စျေးတက်တာပဲ။ အခုက ထိုင်းပစ္စည်းတွေကို မပေးသွင်းဘူး” ဟု ထိုင်းကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ထိုင်းနိုင်ငံက တင်သွင်းသည့် အိမ်ဆောက်ပစ္စည်းများလည်း စျေးမြင့်တက်လာပြီး ပစ္စည်း အမျိုးအစား အပေါ်မူတည်ပြီး ကျပ် တစ်ထောင်မှ တစ်သောင်းအထိ စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် အိမ်ဆောက်ပစ္စည်း အများစုသည် မြဝတီနှင့် ဘုရားသုံးဆူ နယ်စပ်မှတစ်ဆင့် တင်သွင်းကာ မွန်ပြည်နယ်စျေးကွက်အတွင်း ရောင်းချလေ့ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“တစ်နေ့တစ်နေ့ စျေးတက်တာနဲ့ပဲ ခေါင်းကိုက်နေရတယ်။ အခု ဆီသွားဝယ်တယ်။ ‌ပြီးခဲ့တဲ့ တစ်ခေါက်ဝယ်တာနဲ့ စျေးက တစ်ထောင်ကျော် တက်သွားတယ်။ ဆိုင်ကတော့ ထိုင်းပစ္စည်းတွေ ပေးမဝင်လို့ ‌စျေးတက်သွားတာ ပြောတယ်။ ဝယ်ထားတဲ့၊ ဒီထက် တက်ဦးမယ်တဲ့” ဟု မုဒုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ကုန်ပစ္စည်းစျေးတက်သည့်အပြင် ပစ္စည်းအချို့မှာ စျေးကွက်အတွင်း ပြတ်လပ်မှုလည်း ရှိလာကြောင်း ‌ထိုင်းကုန်ပစ္စည်းရောင်းသူတို့ထံမှ သိရသည်။

ထိုင်းနိုင်ငံက ကုန်ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ပင်ထားသည့်အပြင် တရားမဝင် ကုန်သွယ်သည်ဆိုသည့် အကြောင်း ပြချက်ဖြင့် ထိုင်းကုန်ပစ္စည်းများ လိုက်လံ စစ်ဆေးဖမ်းဆီးနေကြောင်း ‌ထိုင်းကုန်ပစ္စည်းရောင်းသူတို့ထံမှ သိရသည်။

နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများကို ပွဲရုံ၊ ဂိုဒေါင်၊ စျေးကွက်တို့တွင်သာမက မွန်ပြည်နယ်အတွင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း ဖမ်းဆီးနေကြောင်း ၎င်းတို့က ဆိုသည်။