BREAKING
October 19, 2025

သရက်ချောင်း ဥတ္တူရွာတွင် ဖမ်းဆီးခံဒေသခံများပြန်လွတ်၊ ရွှေ၊ ငွေနှင့် ဖုန်းများကို စစ်အာဏာရှင်တပ် ယူသွား

August 19, 2025

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးထိန်းသိမ်းသည့် ဒေသခံများ ပြန်လည်လွတ်မြောက် လာပြီး ရွှေ၊ ငွေနှင့် ဖုန်းများကိုမူ ယူဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ဩဂုတ်လ ဒုတိယအပတ်တွင် ဥတ္တူ၊ ကျောက်လှေကား၊ မိုးရွှေကုန်း၊ စော်ဖျားစသည့်ကျေးရွာများကို စစ်အာဏာရှင်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြန့်ကျက်ထိုးနေပြီး ဒေသခံဆယ်နှင့်ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း အကြောင်းအမျိုးမျိုးဖြင့် ဥတ္တူရွာထဲပြန်ဝင်လာသူ ဒေသခံ သုံးဆယ်ကျော်မှာ စစ်ကြောင်းနှင့်တိုးပြီး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“(စစ်အာဏာရှင်တပ်သား) သူတို့နဲ့ အတူခေါ်ထားပြီး ဖုန်းနဲ့ပစ္စည်းတွေ လာအပ်ခိုင်းတယ်။ လာမအပ်ရင် လျှာဖြတ်ပစ်မယ် လို့ ပြောတယ်တဲ့။ မနေ့က ညနေပိုင်းမှာ ခေါ်ထားတဲ့သူတွေကို တခြားအိမ်တစ်လုံးကို ပြောင်းရွှေ့နေခိုင်းပြီး စစ်တပ်တွေက တခြားကို ထွက်သွားတဲ့အချိန်မှာ ရွာသားတွေက သူတို့ဘာသာ သူတို့ပြန်ပြီး ထွက်ပြေးလာကြတယ်” ဟု ဥတ္တူရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သားများသည် ဒေသခံများအပ်ထားသည့် ဖုန်းနှင့် ရွှေ၊ ငွေများကို ပြန်မပေးဘဲ ထွက်သွားခြင်း ဖြစ်ကြောင်း လွတ်မြောက်လာသည့် ဒေသခံအချို့၏ ပြောဆိုချက်ကို ၎င်းက ပြောဆိုသည်။

ဖုန်းလာမအပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးကိုမူ ပါးတစ်ချက် ရိုက်ခဲ့သည်ဟုသိရကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“ရွာသားတွေက သူတို့ဘာသာ သူတို့ ပြန်ထွက်ပြေးလာကြတာဆိုတော့ စစ်သားတွေဆီမှာ အပ်ထားတဲ့ ဖုန်းနဲ့ ရွှေတွေ ပိုက်ဆံတွေ ပြန်မရကြဘူး။ စစ်ဘေးရှောင်လာကြတယ်ဆိုတော့ အိမ်မှာရှိတဲ့ အရေးကြီးပစ္စည်းတွေ ရွှေနဲ့ ပိုက်ဆံတွေ ယူပြေးကြတာပဲလေ။ ဘယ်လောက်ပါသွားလဲဆိုတာတော့ အတိအကျပြောဖို့ခက်တယ်” ဟု ဥတ္တူရွာခံ လူငယ်အမျိုးသမီး အခြားတစ်ဦးက ပြောသည်။

ဥတ္တူရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းသည် မဲနယ်အိုးရွာဘက်သို့ ထွက်သွားပြီး ယနေ့ နံနက်ပိုင်းတွင် ဥတ္တူရွာကို ပြန်ရောက်နေသည်ဟု သတင်းရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ စော်ဖျား၊ မိုးရွှေကုန်းရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် နောက်ထပ် စစ်အာဏာရှင် တပ် စစ်ကြောင်းကလည်း ဒေသခံတစ်ဆယ်ကျော်ကို ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားလာနေကြောင်း ဒေသခံ အချို့က ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မိုးရွှေကုန်းနှင့် စော်ဖျားရွာကြား၌ အထက်ပါစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်နာရီကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားနေရတယ်။ လက်နက်ကြီးပစ်တာ အများကြီးပဲ။ ဖမ်းထားတဲ့ သူတွေ ထဲက အမျိုးသမီးတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့လည်း ပြောသံကြားတယ်” ဟု ၎င်းက ပြောသည်။

ဩဂုတ်လ ၁၅ ရက်ကလည်း ကျောက်လှေကားရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက်တွင် ဥတ္တူရွာမြောက်ပိုင်းရှိ နေအိမ်အချို့နှင့် ကားတစ်စီးကို စစ်အာဏာရှင်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုထားသည်။

ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သဖြင့် မီးရှို့ခံရသည့် နေအိမ်အရေတွက်ကို အတိအကျမသိရသေးသော်လည်း လက်ရှိအတည်ပြုချက်အရ ဈေးဆိုင်ဖွင့်ထားသည့် နေအိမ်တစ်လုံးသာ မီးရှို့ခံရသည်ဟု ဒေသခံအချို့က ဆိုသည်။

စစ်ကြောင်းထိုးနေသဖြင့် စော်ဖျား၊ မိုးရွှေကုန်း၊ ကင်းရှေ့၊ ကျောက်လှေကား၊ ဆေးဖြတ်ကုန်း၊ ဥတ္တူ၊ မဲနယ်အိုးရွာက ဒေသခံများ ဖမ်းဆီးခံရမည်စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။