BREAKING
October 19, 2025

ကလိန်အောင် - ကံပေါက် လမ်းပိုင်းကို ညပိုင်းအသုံးမပြုကြရန် တော်လှန်ရေးတပ်များ သတိပေး

August 19, 2025

ပုံစာ - ကလိန်အောင် - ကံပေါက် လမ်းပိုင်းတစ်နေရာ (ပုံဟောင်း)။ ဓာတ်ပုံ - Kanbauk , Tanintharyi Region, Myanmar Page

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နှင့် ကံပေါက်တိုက်နယ်ကို ဆက်သွယ်ထားသည့် မြို့နယ်ချင်းဆက်ကားလမ်းကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုရန် ရေဖြူမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် တော်လှန်ရေးမဟာမိတ်အဖွဲ့အချို့က သြဂုတ်လ ၁၈ ရက်နေ့က သတိပေးထုတ်ပြန်သည်။

ယင်းလမ်းပိုင်းသည် ကံပေါက်တိုက်နယ်ကို အမှတ် ၈ ပြည်ထောင်စုကားလမ်းမနှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း၊ ဝေဟင်တပ်ဖွဲ့၊ လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး၊ ရေဖြူ ပကဖ – ဇင်ယော်တပ်စု၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နှင့် ဗထူးတပ်တို့က ယင်းသို့လမ်းပိုင်းသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။

“အဲဒီလမ်းပိုင်းမှာ ညဘက် ဘုန်းကြီးကား၊ အရေးပေါ်ကားတွေကို အသုံးပြုပြီး သူတို့က(စစ်အာဏာရှင်တပ်) သွားလာနေတာရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ကြားညပ်မှာစိုးလို့ ကြိုတင် သတိပေးခြင်းဖြစ်ပါတယ်” ဟု ဝေဟင်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

စစ်အာဏာရှင်တပ်ကလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရေကန်တောင်တိုက်ပွဲပြီးချိန်မှစ၍ ယင်းလမ်းပိုင်းရှိ ကံပေါက်ရွာအဝင်ဂိတ်ကို အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုကြောင်း လမ်းပိုင်းအသုံးပြုသည့် ကားသမားများထံမှသိရသည်။

“မနက် ၆ နာရီကနေ ၉ နာရီအထိတစ်ကြိမ် ၊ ၁၁ နာရီကနေ ၂ နာရီအထိတစ်ကြိမ် ၊ ၄ နာရီကနေ ည၇ နာရီ အထိတစ်ကြိမ် တစ်နေ့ သုံးကြိမ်ဖွင့်တယ် ။ ကျန်တဲ့အချိန်က ဖြတ်မရဘူး ။ အိမ်ပြန်ချိန်တွေဆို ဂိတ်ဖွင့်ချိန်တွေ အမီပြန်ရတာပေါ့” ဟု ကံပေါက်ရွာက ကုန်တင်ယာဥ်မောင်းတစ်ဦးကပြောသည် ။

ကံပေါက် – ကလိန်အောင် လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှု မရှိသေးသော်လည်း ယင်းလမ်းပိုင်းနှင့် ဆက်စပ်နေသည့် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတွင်မူ နှစ်ဖက်စစ်ရေးတင်းမာနေသဖြင့် ကြိုတင်ကာ စစ်ရေးသတိပေးချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။