စစ်အာဏာရှင်တပ်သားများက ပလမြို့ရှိ နေအိမ်၊ ကုန်စုံဆိုင်နှင့် ဖုန်းဆိုင်များကို ဖောက်ထွင်းကာ ပစ္စည်းများယူဆောင်ပြီးနောက် မြို့အလယ်ရှိ နေအိမ်အဆောက်အအုံများကို မီးရှို့နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ဩဂုတ်လ ၃ ရက်နေ့ကစပြီး ပလမြို့ရှိ ကုန်စုံဆိုင်၊ ဖုန်းဆိုင်နှင့် လူနေအိမ်ရှိပစ္စည်းများကို ထော်လာဂျီများ၊ ကားများဖြင့် သယ်ယူနေခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၁၈ ရက်တွင်မူ မြို့လယ်မှနေအိမ်များကို မီးစတင်ရှို့နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“မြို့အလယ်လောက်က အိမ်တွေကနေ စရှို့နေတယ်။ မီးခိုးတွေ အလုံးလိုက်တက်နေတာ မြင်နေရတယ်။ မြို့ထဲမှာက သူတို့လောက်ပဲရှိတော့ ဘာအခြေအနေမှန်း မသိရသေးဘူး။ ပစ္စည်းတွေလည်း ဝင်ဖောက်ယူထားလို့ ကုန်ပြီ။ ပစ္စည်းကုန်တာနဲ့ မီးရှို့တာပဲ”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
ဩဂုတ်လ ၁၇ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်သားများက ပလမြို့ဆေးရုံပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင်များနှင့်လူနေအိမ်ရှိ ပစ္စည်းများကို သယ်ယူသွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“မြို့က ဘာမှသုံးစားလို့ မရတော့ဘူး။ အကုန်ပျက်စီးနေပြီ။ အိမ်တွေကို ထုဖွင့်ပြီး ရှိသမျှပစ္စည်းအကုန် ယူနေတယ်။ ကျန်ရက်တွေကလည်း တစ်အိမ်ပြီးတစ်အိမ် ယူနေတယ်။ အခုလည်း မီးရှို့နေပြီ”ဟု အထက်ပါမြို့ခံက ပြောသည်။
စစ်အာဏာရှင်တပ်သားများရှိနေသဖြင့် မြို့အတွင်းပြန်ဝင်မရသေးဘဲ နေအိမ်များ မီးလောင်နေသော်လည်း သွားငြှိမ်း၍မရကြောင်း မြို့ခံအချို့က ပြောဆိုသည်။
ထိုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်အရေအတွက်ကို မသိရသေးပေ။
စစ်အာဏာရှင်တပ်သားများမှာ ပလမြို့ ရွှေမျက်မှန်ဘုန်းကြီးကျောင်းနှင့် မြို့အတွင်းရှိ နေအိမ်အချို့တွင် တပ်စွဲနေထိုင်ကြပြီး စစ်ကြောင်းဆက်မထိုးဘဲ မြို့ကိုခြေကုပ်ယူကာ အင်အားစုနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ပလမြို့တွင် ဩဂုတ်လ ၁၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သားများက ပလမြို့နှင့်တစ်မိုင်တောင်ဘက်မှ လက်နက်ကြီးဖြင့် နေ့လယ် ၁၂ နာရီဝန်းကျင်မှ ညဘက်အထိ နေ့တိုင်းနီးပါး ရမ်းသမ်းပစ်ခတ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ပလမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့မှစကာ ရက်ရှည်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကာ အရပ်သား ၂၀ ဦး သေဆုံးခဲ့သည်။