BREAKING
October 18, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

July 19, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင် ၁၃ ရက်မှ ၁၉ ရက်အထိ

 လေကြောင်းသုံး ဗုံးတွေထုတ်ဖို့ စစ်ကောင်စီကို တရုတ်ကူညီ

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းသုံးဗုံးတွေ ထုတ်လုပ်ရာမှာ တရုတ်က ကူညီပေးနေတယ်လို့ ကုလသမဂ္ဂက ကျွမ်းကျင်သူတွေနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ထုတ်ပြန်ပါတယ်။

တရုတ်အစိုးရပိုင်ကုမ္ပဏီ China South က မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၁ ရဲ့ လေကြောင်းသုံး ဗုံးတွေ ထုတ်လုပ်ရေးမှာ ပညာရှင်၊ စစ်လက်နက်ပစ္စည်း၊ နည်းပညာ ကူညီနေတယ်လို့ ဇူလိုင်လ ၁၆ ရက်က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင်လေ့ကျင့်သင်ကြားပေးတာတွေလည်း လုပ်ဆောင်နေပြီး ဒီလိုကူညီတာတွေဟာ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်နေတာလို့ ထောက်ပြပါတယ်။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ထဲမှာရှိတဲ့ ကပစ ၂၁ မှာ ပေါင် ၅၀၀ ၊ ပေါင် ၁၀၀၀ ဗုံး၊ ကလပ်စတာဗုံးတွေ အပါအဝင် ဖျက်အားပြင်းဗုံးတွေကို ထုတ်လုပ်နေတယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ အဲဒီလက်နက်တွေနဲ့ အရပ်သားပြည်သူ ပစ်မှတ်ထားတိုက်ခိုက်ပြီး ရာဇဝတ်မှုတွေကျူးလွန်နေတာကြောင့် တရုတ်အစိုးရအနေနဲ့ အခုလို ထောက်ပံ့ကူညီနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံတွေအပါအဝင် အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရမှု အပါအဝင် အရပ်သားထိခိုက်သေဆုံးမှု များစွာရှိနေပါတယ်။ အခုသီတင်းပတ်အတွင်းလည်း စစ်ကိုင်း၊ ရှမ်းမြောက်၊ ကရင်နီ၊ မန္တလေး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ဆယ်နဲ့ချီ သေဆုံး​ထိခိုက်ခဲ့ပါတယ်။

……………………………………..

နောင်ချိုကို စစ်ကောင်စီပြန်လည်ထိန်းချုပ်

ရှမ်းမြောက်မှာ တအာင်းတပ် TNLA တစ်နှစ်နီးပါးကြာ သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီပြန်လည် သိမ်းယူထိန်းချုပ်လိုက်ပါတယ်။

စစ်ကောင်စီက စစ်အင်အားအလုံးအရင်းနဲ့ ပြီးခဲ့တဲ့ မေလကနေ စတင်ထိုးစစ်ဆင်ခဲ့သလို လေယာဉ်၊ ဒရုန်း စတဲ့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေကို တရစပ်အသုံးပြုပြိး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုကြောင့် ဇူလိုင်လ ၁၅ ရက်မှာ နောင်ချိုမြို့ကနေ ဆုတ်ခွာခဲ့ရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ထိုးစစ်ကာလအတွင်း တိုက်ပွဲအကြိမ်ရေ သုံးရာကျော်ရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ရေ ၂၆၀ ဗုံးကြဲတိုက်ခိုက်ခဲ့သလို အဆိပ်ငွေ့ဗုံးသုံးတိုက်ခိုက်တာ အကြိမ်တစ်ရာကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ မြေပြင် ဝေဟင်ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်ခဲ့တာ ၁၁ လနီးပါးကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ နောင်ချိုဟာ ပြင်ဦးလွင်ကနေ မန္တလေးအထိ စစ်ရေးအရ ထိန်းချုပ်ဖို့ အရေးပါတဲ့ နေရာမှာရှိသလို တအာင်းတပ် သိမ်းယူထားတဲ့ ကျောက်မဲ၊ သီပေါမြို့တွေ အတွက်လည်း အရေးပါတဲ့ မြို့ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းမကြီး ဖြတ်သန်းတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဧပြီလတွေမှာ တရုတ်နိုင်ငံမှာတွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေမှာ နောင်ချို အပါအဝင် မြို့ငါးမြို့ကနေ တအာင်းတပ် ဆုတ်ခွာသွားဖို့ စစ်ကောင်စီက တောင်းဆိုထားပြီး တအာင်းတပ်ဘက်က ပယ်ချတာကြောင့် ဆွေးနွေးပွဲ ရှေ့မဆက်နိုင်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဩဂုတ်လထဲမှာ ဆွေးနွေးဖို့ ရှိနေပြီး အဲဒီဆွေးနွေးမှု မတိုင်ခင် စစ်ကောင်စီက စစ်ရေးအရ ပိုမိုဖိအားပေးနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တအာင်းတပ်ကလည်း ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့မှာရှိတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

……………………………………..

ဥကရစ်ထစခန်းကို KNU နဲ့ တော်လှန်ရေးတပ်တွေ သိမ်းယူ

ထိုင်း-မြန်မာနယ်စပ်က အရေးပါတဲ့ ဥကရစ်ထ စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းတော်လှန်ရေး တပ်တွေက ဇူလိုင်လ ၁၂ ရက်မှာ သိမ်းယူလိုက်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေလမ်းမှာရှိတဲ့ ဥကရစ်ထစခန်းကို KNU နဲ့ ပူးပေါင်းတော်လှန်ရေး တပ်တွေက ပြီးခဲ့တဲ့ ဇွန်လမှာ စတင်တိုက်ခိုက်ခဲ့တာပါ။ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် တစ်လလောက်အကြာမှာ စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ထိုင်းဘက်သို့ ထွက်ပြေးသွားတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အခုဆိုရင် မြဝတီမြို့ တောင်ဘက်မှာ ဝေါ်လေနဲ့ ထီးသဲလယ် စစ်ကောင်စီစခန်းနှစ်ခုပဲ ကျန်ရှိတော့တာဖြစ်ပြီး ဝေါ်လေကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။

ဥကရစ်ထစခန်းဟာ စစ်ကောင်စီ ဝေါ်လေဗျူဟာအတွက် လက်နက်၊ ရိက္ခာ ဖြန့်ဖြူးပေးတဲ့ ထောက်ပို့ လမ်းကြောင်းဖြစ်တာ ကြောင့် စစ်ရေးအရ အရေးပါနေတဲ့ နေရာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ တော်လှန်ရေးအဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်မှု မအောင်မြင်ခဲ့တဲ့အပေါ်  ‘သက်ရှိစည်းရိုး’ နာမည်နဲ့ စစ်ကောင်စီက တပ်မတော်နေ့ အထိမ်းအမှတ် ဝါဒဖြန့် ရုပ်ရှင်ရိုက်ကူး ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

KNU နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းကို ဆက်တိုက် သိမ်းယူ နေပါတယ်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျုရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာတော့ ထိုင်း-မြန်မာနယ်စပ် သုံးပုံ တစ်ပုံကို KNU ထိန်းချုပ်ထားပြီလို့ ဖော်ပြပါတယ်။

……………………………………..

ငလျင်လှုပ်ခတ်နေဆဲ၊ နောက်ဆက်တွဲငလျင်အကြိမ်ရေ နှစ်ရာကျော်ပြီ

မတ်လ ၂၈ရက် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် သုံးလကျော်ကြာတဲ့အထိ နောက်ဆက်တွဲ ငလျင်တွေ ဆက်လက် လှုပ်ခတ်နေပြီး ဇူလိုင်လ ၁၈ရက် တစ်ရက်တည်းမှာပဲ မန္တလေးနဲ့ နေပြည်တော်တို့မှာ ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

မတ္တရာ၊ ပြင်ဦးလွင်၊ တပ်ကုန်၊ ပျဉ်းမနားမြို့နယ်တွေမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အင်အား ရစ်ခ်တာစကေး ၃ဒသမ ၁ ကနေ ၅ဒသမ၅ အထိ ပြင်းအားရှိခဲ့သလို ဇူလိုင်လ ၁၇ရက်၊ ၁၆ရက်၊ ၁၄ရက် တွေမှာလည်း ဆက်တိုက် လှုပ်ခတ်ခဲ့ပါသေးတယ်။ ငလျင်လှုတ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ကြရတယ်လို့ ပြည်သူတွေက ပြောဆိုထားကြပါတယ်။  

နောက်ဆက်တွဲ ငလျင်ဟာ အနည်းဆုံးတစ်နှစ်ကြာတဲ့အထိ ဆက်လက်လှုပ်ခတ်နိုင်တယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောဆိုထားတာကို ဘီဘီစီ မြန်မာပိုင်း သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၁၈ ရက်အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၂၁၀ ကျော်ရှိလာပြီလို့ မိုးဇလရဲ့ စာရင်းတွေအရ သိရပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် လူ ၃၇၀၀ ကျော်သေဆုံးပြီး ငါးထောင်ကျော် ဒဏ်ရာရတယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

……………………………………..

လှတောရွာ ဓားပြမှု PDF ၁၀ကျော်ကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာမှာ ဓားပြတိုက်မှုနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်းကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထားပါတယ်။

လှတောရွာက နေအိမ်တစ်လုံးကို ဇူလိုင်လ ၁၃ ရက် ညမှာ ဓားပြဝင်တိုက်တာဖြစ်ပြီး အိမ်ရှင်ဖြစ်သူ ဓားနဲ့ အထိုးခံရပြီး ဆေးရုံသို့ ပို့ဆောင်ချိန်မှာ သေဆုံးပါတယ်။ ဓားပြတိုက်တာမှာ ကျပ်သိန်း ၆၀ လောက် ပါသွားတယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

အဲဒီဓားပြမှုနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေဟာ ဝက်လက်၊ အရာတော်၊ မိတ္ထီလာအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင် တွေဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးနှစ်ဦးပါဝင်တယ်လို့ သိရပါတယ်။ ဖမ်းဆီးထားသူတွေကို အမှုဖွင့် စစ်ဆေးနေဆဲဖြစ်တယ်လို့  NUG က ဆိုပါတယ်။

……………………………………..