တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း ကွမ်းသီးသူခိုးများကြောင့် အခက်ကြုံနေရကြောင်း ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရသည်။
ကွမ်းခြံများအတွင်း စစ်ကောင်စီတပ်သားများရှိနေသဖြင့် ခြံရှင်များ မသွားရဲသည့်အပေါ် အခွင့်ကောင်းယူပြီး သူခိုးများက ကွမ်းသီးနုဝင်ခိုးနေကြကြောင်း ဘန်းလမွတ်ရွာခံ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
“အခက်အခဲကတော့ သူခိုးတွေ တော်တော်ပေါတယ်။ စကစ ရှိနေတော့ ဥယျာဉ်ရှင်တွေက သွားမကောက်ရဲတော့ အဲဒါကို အခွင့်ကောင်းယူပြီး ဝင်ခိုးတာမျိုးပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် လမ်းသွားလမ်းလာအချို့၊ ဘေးတွဲဆိုင်ကယ်အချို့နှင့် ကွမ်းသီးလိုက်ဝယ်သူအချို့က ဝင်ခူးသွားကြသလို စစ်ကောင်စီတပ်သားများလည်း ခူးသွားလေ့ရှိကြောင်း ကွမ်းသီးခြံပိုင်ရှင် အခြားတစ်ဦးက ပြောဆိုသည်။
“အဆိုးဆုံးက ဘေးတွဲတွေနဲ့ ကွမ်းသီးလိုက်ဝယ်သမားတွေပဲ။ သူတို့က လမ်းနံဘေးက ဥယျာဉ်တွေဆို ပိုင်ရှင်မရှိရင် ကောက် (ခူး) သွားကြတယ်။ သူခိုးတွေကောက်ပြီးအကျန်ပဲ ကောက်ရတော့ ဥယျာဉ်ပဲရှိပြီး ကွမ်းသီးဖိုး မရတော့ဘူး” ဟု ၎င်းက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်က ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း လမ်းကင်းချခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေ သဖြင့် ဥယျာဉ်ခြံသို့သွားလျှင်လည်း စစ်ဘေးရှောင်နေရသည့်နေရာသို့ ပြန်ချိန်တွင် အခက်ကြုံရကြောင်း ဘန်းလမွတ်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဘန်းလမွတ်ဒေသခံများမှာ ပြီးခဲ့သည့် လေးလဝန်းကျင်ကတည်းက တိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများကြောင့် ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရသည်။
“ကွမ်းသီးနုက ဒီနေ့ကောက် (ခူး) ပြီး နောက်ရက်ဆို ရောင်းမှ။ အလွန်ဆုံး တစ်ညအိပ်လောက်ပဲထားလို့အဆင်ပြေတာ။ သူတို့ (စကစ) ရှိနေရင် ဉယျာဉ်ထဲကောက်ပြီးရင်လည်း ပြန်မထွက်ရဘူး”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ထိုကဲ့သို့ အခက်အခဲများအပြင် ကွမ်းသီးနုဈေးလည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးကျနေကြောင်း ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရသည်။
၂၀၂၄ ခုနှစ်က ကွမ်းသီးနု တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှင့် ကျပ် ၁၀၀၀၀ ကြားဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် သယ်ယူပို့ဆောင်ရေးအခက်အခဲပိုများသဖြင့် ၆၂၀၀ ကျပ်ဝန်းကျင်သာ ဈေးပေါက်တော့ကြောင်း ၎င်းတို့ထံမှ သိရသည်။