အာဏာသိမ်းစစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းသည့် ဒေသများကို ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေပြီး အချို့ဒေသများကို လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်ထားသည်။
စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီစသည့် အခြေခံမရှိမဖြစ် ပစ္စည်းများကို ဖြတ်တောက်ပိတ်ဆို့ ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်ခံရမှုကြောင့် နေ့စဉ်လူမှုဘဝတွင် အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်။
အချို့ဒေသများမှာ ကာလတစ်ခုခန့်သာ လျှပ်စစ်မီးဖြတ်တောက်ခံရသော်လည်း ထားဝယ်အရှေ့တော ကဲ့သို့သောဒေသများဆိုလျှင် နှစ်ချီကြာ ဓာတ်အားဖြတ်တောက် ခံထားရသဖြင့် ဆက်သွယ်ရေး အခက်အခဲများပါ ကြုံတွေ့နေကြရသည်။
လျှပ်စစ်မီးမရှိခြင်းမှာ ပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အသက်မွေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများပါ တစ်ပြိုင်နက်တည်း ကြုံတွေ့ခံစားရစေသည်။ ယင်းအပြင် ကလေးများ၏ ပညာရေးအပေါ်လည်း ကြီးကြီးမားမား သက်ရောက်မှုများ ရှိနေသည်။
မနက်အိပ်ရာထ ထမင်းချက်ပြုတ်ခြင်းမှသည် ညပိုင်းအိပ်ချိန်အထိ အခက်အခဲမျိုးစုံ ကြုံတွေ့ကြရသည်။
ထို့ပြင် လျှပ်စစ်မီးကြာရှည်ပြတ်တောက်မှုကြောင့် ဖုန်းတာဝါတိုင်များကောင်းကောင်း အလုပ်မလုပ်တော့သဖြင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ကုန်သည်။
ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခြင်းသည် ယခုလို မိုးရာသီတွင်ကျရောက်လာနိုင်သော သဘာဝဘေးအန္တရာယ်များ၊ တိုက်ပွဲများနှင့် ပဋိပက္ခဆိုင်ရာများ စသည့်သတင်းအချက်အလက် မရရှိတော့၍ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။
ဒေသခံများမှာ လျှပ်စစ်မီးမရှိသဖြင့် ဆိုလာ၊ ဘက်ထရီ၊ မီးစက်များကို ဝယ်ယူအသုံးပြုရသဖြင့် ငွေကြေးအကုန်အကျ ပိုများနေကြပြီး ယခုကဲ့သို့ကျပ်တည်းလှသည့်အခြေအနေတွင် မလိုအပ်ဘဲ ငွေထပ်ကုန်နေကြရသည်။
ယင်းကြောင် တနင်္သာရီတိုင်းသားများ ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုနှင့် လူမှုဘဝအခက်အခဲများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“လိုင်းမိဖို့နေရာက တစ်မိုင် ၊ နှစ်မိုင် လောက်အထိ ဝေးတာရှိတယ်။ သွားရလာရဖို့ အခက်အခဲကြောင့် စာသင်ဖို့ အရမ်းအခက်အခဲဖြစ်တယ်”
အမျိုးသားတစ်ဦး (အသက် ၂၀)
ဇာဒီကျေးရွာအုပ်စု ၊ ရေဖြူမြို့နယ်။
(၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကံပေါက် ရေကန်တောင်တိုက်ပွဲ ပြီးနောက် ဇာဒီရွာသို့ စစ်ကြောင်းဝင်စဥ် လျှပ်စစ်မီး ဖြတ်တောက်ခံရပြီး နှစ်လကျော် အကြာပြတ်တောက်ခဲ့ကာ ကျေးရွာအုပ်စု မှ ဆရာတော်များက စစ်ကောင်စီထံသွားရောက်တောင်းဆိုသဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်တွင် ရက်သတ္တပတ်ကြာ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သည်။
ယင်းနောက် မတ်လ တတိယပတ်တွင် လျှပ်စစ်မီး ပြန်လည် ဖြတ်တောက်ထားခံရပြီး ကျေးရွာအတွင်း ရွာသားများပြန်နေထိုင်သည့်အချိန်မှ ပြန်လည်ဆက်သွယ်ပေးမည်ဟု စစ်ကောင်စီစစ်ကြောင်းက ပြောခဲ့ကြောင်း ဒေသခံများက ပြောပြသည်။)
DW ။ လျှပ်စစ်မီး ဖြတ်ခံထားရတာ ဘယ်လောက်ကြာပြီလဲ။ လျှပ်စစ်မီး မရှိတော့ ဘာအခက်အခဲတွေ ဖြစ်နေလဲ။
ဖြေ ။ (လျှပ်စစ်မီး)ပြန်ဖြတ်ခံထားရတာကတော့ သုံးလေး လလောက်ရှိပြီ။ အခက်အခဲ ကတော့ လျှပ်စစ်မီး တစ်ခုတည်း မဟုတ်ဘူး အကိုဝေး။ ကျွန်တော်တို့ မှာ အခက်အခဲတွေ အများကြီးပဲ။ စက်သုံးဆီ တွေလည်း အရမ်းခက်ခဲတယ်။ လျှပ်စစ်မီး ကလည်း အခက်အခဲ ဖြစ်ပါတယ်။ ဖုန်းအားတွေ ဓာတ်မီးတွေ ဘာတွေ အားသွင်းဖို့ အခက်အခဲ ဖြစ်တယ်။ လိုင်း(ဆက်သွယ်ရေး၊အင်တာနက်)လည်း အခက်အခဲ ဖြစ်တယ်။ ကျွန်တော်ရွာတွေမှာက လိုင်းမရဘူးလေ။ လိုင်း လည်ပတ်ဖို့ တာဝါတိုင် တွေက လျှပ်စစ်မီး နဲ့ ဆက်သွယ် ထားတယ်။ လိုင်းမရဘူး။
DW ။ လတ်တလော လျှပ်စစ်အခက်အခဲ ကို ဘယ်လိုဖြေရှင်းနေကြလဲ။
ဖြေ ။ နေပူတဲ့ ရက်ဆိုရင်လည်း ဆိုလာနဲ့ သုံးတယ်။ နေလုံးဝ မပူတဲ့ ရက်ဆိုရင်လည်း မီးစက်နှိုးလိုက်ရတာပေါ့ဗျာ။
DW ။ လျှပ်စစ်မီး မရှိတော့ ကိုယ့်ဟာကိုယ် မီးစက်နှိုးဖို့ စက်သုံးဆီက ဘယ်လိုအခက်အခဲရှိနေလဲ။
ဖြေ ။ ဆီက အရမ်းဝယ်ရခက်တဲ့အထဲမှာပါတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်မရတဲ့ အခက်အခဲ တွေရှိနေတယ် ။ လမ်းသွားလမ်းလာ (သယ်ယူပို့ဆောင်ရေး)က အခက်အခဲဖြစ်တယ်။ အုပ်စုထဲက ကျောက်ထရံရွာ နဲ့ ခေါင်ပြန်ရွာပဲ သွားမယ်ဆိုရင်တော့ သွားမရတဲ့အခါရှိတယ်။ လမ်းကလည်း (မြေတူးစက်ဖြင့်) ဖြတ်ထားသေးတယ်။ လမ်းမှာ စစ်တပ်နဲ့ တွေ့ရင်လည်း တစ်ခုခု ဖြစ်နိုင်တယ်။
DW ။ ဇာဒီအုပ်စုမှာ စာသင်ကျောင်းလည်း မဖွင့်ရဘူးလို့ကြားရတယ်။ ကလေးတွေ အွန်လိုင်းကနေ ပညာသင်ကြတာလား။ လျှပ်စစ်မီး မရှိတော့ ကလေးတွေရဲ့ပညာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။
ဖြေ ။ ဒါတစ်ခုက လုံးဝအခက်အခဲဆုံးပဲ။ အစတုန်းကဆိုရင်(လျှပ်စစ်မီး နှင့် အင်တာနက် မပြတ်တောက်မီ) အွန်လိုင်းက သင်လို့ရတယ်။ အခုက အွန်လိုင်းက လည်း သင်လို့မရတော့ဘူး။ လိုင်းမိတဲ့နေရာကို သွားရဖို့ခရီးက အရမ်းဝေးတယ်။ လိုင်းမိဖို့နေရာက တစ်မိုင် ၊ နှစ်မိုင် လောက်အထိ ဝေးတာရှိတယ်။ သွားရလာရဖို့ အခက်အခဲကြောင့် စာသင်ဖို့ အရမ်းအခက်အခဲဖြစ်တယ်။
DW ။ လျှပ်စစ်မီး မရလို့ ဆက်သွယ်ရေးတွေပါ ပြတ်နေတော့ ကိုယ့်ကိုကိုယ် လုံခြုံရေးရော ဘယ်လို စိုးရိမ်မှုရှိလဲ။
ဖြေ ။ လုံခြုံရေး ကတော့ လုံခြုံရေး အတွက်လည်း အခက်အခဲဖြစ်တာပေါ့ဗျာ။ အခုတောင် ဖုန်းပြောဖို့လောက်ရနေသေးတာ နည်းနည်း အဆင်ပြေတယ်။ နေရာတိုင်း မရဘူး။ ရတဲ့နေရာဆိုလည်း ရတယ်။ ရတဲ့နေရာက ရှားတယ်။ တစ်နေရာ နှစ်နေရာလောက်ပဲရတယ်။ အဲဒီ လောက်ပဲရတယ်။
DW ။ လျှပ်စစ်မီး မရှိတော့ အရင် နဲ့ အခု ဘာအခြေအနေတွေ ပြောင်းလဲသွားလဲ။
ဖြေ ။ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ပြောင်းလဲသွားတာက ပညာရေးတွေ ပြောင်းလဲသွားတယ်။ လျှပ်စစ်မီး မရှိတဲ့အတွက် ညဘက်ဆိုရင် လုံးဝတိတ်ဆိတ်သွားတယ်။မီးရှိနေရင် လမ်းတွေမှာ မီးတွေနဲ့ လူတွေသွားရလာရလည်း ပိုအဆင်ပြေတာပေါ့ဗျာ။ အခုက လျှပ်စစ်မီး ဖြတ်ထားတယ်ဆိုတော့ ညဘက်ဆိုရင် အပြင်ထွက်လို့ မရဲတော့တဲ့အထိ လုံးဝခြောက်ကပ်ပြီး တိတ်ဆိတ်နေတယ်။ ရွာတွေမှာ လူတွေလည်း အရမ်းရှား(နည်း)တယ်။ ဇာဒီရွာ မှာဆိုရင် လုံးဝမရှိဘူး။ ခေါင်ပြန်ရွာ လည်း အဲဒီလိုပဲ သုံးပုံတစ်ပုံ စာလောက်တောင်မရှိဘူး။ ဒိုက်တကော်ရွာလည်း အတူတူပဲ။
DW ။ ရွာသားတွေ ရွာမှာပြန်နေမှ လျှပ်စစ်မီး ပြန်ပေးမယ်လို့ စစ်တပ်ကပြောတယ်လို့ ကြားထားရတယ်။ ဟုတ်လား။
ဖြေ ။ အဲဒီလိုကတော့ သတင်းထွက်တာပဲ။ လူပြန်လာနေမှ ဆိုတာက သူတို့(စစ်ကောင်စီ) တွေးတဲ့အတွေးက မီးဖြတ်ထားလိုက်ရင် တော်လှန်ရေးတပ်တွေနဲ့ အဆက်အသွယ် ပြတ်သွားမယ်ပေါ့။ အဲဒီလို ခံယူချက်နဲ့ သူတို့ မီးဖြတ်ထားတာဖြစ်တယ်။ မီးလည်းဖြတ်တယ်။ လမ်းလည်းဖြတ်ထားတယ်။ သွားလာရေးလည်း အခက်အခဲ ဖြစ်တယ်။ ဖုန်းလိုင်းတွေ အဆက်အသွယ် ရနေရင် လမ်းပိုင်းအခြေအနေ မေးမြန်းပြီးသွားလာလို့ရတယ်။ အခု ဖုန်းလိုင်းတွေ အဆက်အသွယ် မရတော့ စက်သုံးပစ္စည်းသွားဝယ်ဖို့ ၊ စားစရာသွားဝယ်ဖို့ တောင် အခက်အခဲ ဖြစ်တယ်။
DW ။ ကြားထဲမှာ လျှပ်စစ်မီး ခဏလောက် ပြန်ရသေးတယ်မဟုတ်လား။
ဖြေ ။ ဟုတ်တယ်။ ဆယ်ရက်မပြည့်ဘူး။ ခုနစ်ရက် တစ်ပတ် ပေးပြီးတာနဲ့ ပြန်ဖြတ်ပစ်လိုက်တယ်။ အဲဒီကတည်းက နေ အခုထိ လုံးဝကိုပဲ မီးမရတော့ဘူး။ အတော်အခြေအနေဆိုးသွားတယ်။ လိုင်းလည်းမရ မီးလည်းမရ ဖြစ်သွားတယ်။
DW ။ လျှပ်စစ်မီး ဖြတ်ခံထားရတာ နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ ။ တောင်းဆိုချင်တာကတော့ လျှပ်စစ်မီး နဲ့ သွားလာရေးအခက်အခဲ အခြေအနေတွေ ၊ အခုဆိုရင် လမ်းကြောင်း ဖြတ်ထားတယ် ၊ အဲဒီလို သွားလာရေးအခက်အခဲတွေ ၊ လျှပ်စစ်မီး အခက်အခဲ တွေ မီးတွေ၊လိုင်းတွေ ပြန်လုပ်ပေးဖို့ တောင်းဆိုချင်တယ်။ မဆိုင်ဘဲနဲ့ ပြည်သူတွေက ဒုက္ခရောက်နေရတယ်။ လုပ်ပေးစေချင်တယ်။ ကျွန်တော်တို့ဘက်ကတော့ အဲဒီလောက်ပဲ ပြောလို့ရတယ်လေ။ တောင်းဆိုနေတာတော့ များနေပြီ။ လာမလုပ်ပေးတော့ တောင်းဆိုနေလည်းမရဘူးပေါ့။ သူတို့တွေ လုပ်နေတာ ကျွန်တော်တို့ က ဝင်စွက်ဖတ်ခွင့်မရှိဘူးလေဗျာ။
DW ။ အစစ အရာရာ ဂရုစိုက်ကြပါ။ ကျေးဇူးတင်ပါတယ်။
“မီးတာခကတစ်လကို ကျပ်လေးသောင်းဝန်းကျင်ပဲကျတယ်။ ဖယောင်းတိုင်နဲ့ရေနံဆီဝယ်ရတာက တစ်သိန်းကျော်ကျပါတယ်”
လောင်းလုံးမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦး
DW ။ လျှပ်စစ်မရတဲ့အချိန် ဘယ်လိုဖြတ်သန်းလဲ။
ဖြေ ။ လျှပ်စစ်မရတဲ့အချိန် ဘယ်လိုဖြတ်သန်းရလဲဆိုတော့ ထမင်းချက်ရင် မီးသွေး၊ထင်းတွေနဲ့ ချက်ပြုတ်ရလို့ အချိန်ပိုကုန်တယ်။ ညအချိန်ဆိုလည်း ဖယောင်းတိုင်၊ ရေနံမီးခွက်တွေနဲ့နေရတယ်။ အားသွင်းရတာတွေ အခက်အခဲဖြစ်တယ်။ ထားဝယ်မြို့ပေါ်မှာပဲ (လျှပ်စစ်မီး)ရတော့ နေရာတချို့မှာ ငွေကြေးပေးပြီး သွင်းရတာတွေလည်းရှိတယ်။ အခက်အခဲကတော့ အများကြီးကြုံရတယ်။ လျှပ်စစ်ရှိရင်တော့ အလွယ်တကူရတာပေါ့ အစစအရာရာ ရေမီးမရှိတော့ ဘယ်ရာမှအဆင်မပြေနေဘူး။ ကလေးတွေစာကျက်ရတာလည်း အရမ်းအခက်အခဲဖြစ်တယ်။
DW ။ လျှပ်စစ်ရှိတာနဲ့မရှိတာက မိသားစုအသုံးစရိတ်အပေါ် သက်ရောက်မှုရှိလား။
ဖြေ ။ ပိုပြီးငွေကုန်ကျများတယ်။ မီးတာခကတစ်လကို ကျပ်လေးသောင်းဝန်းကျင်ပဲကျတယ်။ ဖယောင်းတိုင်နဲ့ရေနံဆီဝယ်ရတာက တစ်သိန်းကျော်ကျပါတယ်။ မီးဖြတ်ခံရတဲ့အချိန်မှာ စိတ်အညစ်ဆုံးပဲ စိတ်တိုရတာလည်းရှိတယ်။ အမြဲစိတ်စိတ်ရှုပ်ရတယ်။
DW ။ ဘာကြောင့် မီးဖြတ်တယ်လို့ထင်လဲ။
ဖြေ ။ ရာသီဥတု အခြေအနေကြောင့်လည်းဖြစ်နိုင်သလိုတစ်ခြားအရေးအကြောင်း အခြေအနေကြောင့်လည်းဖြစ်နိုင်တယ်။ အဓိက လျှပ်စစ်မရှိတော့ ဆက်သွယ်ရေးတွေပြတ်တောက်ပြီး ဘာသတင်းမှလည်း မကြားရမသိရတော့ အရမ်းဆိုးပါတယ်။
DW ။ လျှပ်စစ်နဲ့ပတ်သက်ပြီး တစ်ခြားဘာပြောစရာရှိလဲ။
ဖြေ ။ ဆင်းရဲတဲ့ပြည်သူတွေလည်း အရမ်းပင်ပန်းသလို စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပင်ပန်းတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး လျှပ်စစ်မဖြတ်ဖို့ တောင်းဆိုချင်ပါတယ်။
“ဖုန်းအားသွင်းရင် ၉ နာရီ ၁၀ နာရီထိ အားသွင်းနေရတော့ အလုပ်ပျက်သွားတာပေါ့”
သရက်ချောင်း ဒေသခံအမျိုးသားတစ်ဦး
DW ။ ဦးတို့ရွာဘက်မှာ အခု လျှပ်စစ်မီးက အချိန်မှန်ရနေရဲ့လား။
ဖြေ ။ ကြာပြီရော ပထမဆုံးတစ်ခါ လေယာဉ်လာကြဲတည်းက မရတာအခုထိပဲလေ။ ဧပြီလ ၁၈ ရက်က ဝင်းဝစခန်းတိုက်ပွဲဖြစ်တယ်။ နောက်နေ့မှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အဲ့ဒီကတည်းက အခုထိပဲလျှပ်စစ်မီးမရတာ။
DW ။ ဒါဆို ၂၄ နာရီလျှပ်စစ်မီးမရဘူးဆိုတော့ ဘယ်လိုလုပ်နေကြလဲ။
ဖြေ ။ ဦးတို့ရွာမှာ ဘုန်းကြီးက ဆီတစ်ဂါလံအကုန်ခံပြီး မီးစက်နှိုးပေးတယ်။ အဲ့ဒါနဲ့ အားသွင်းရနေတာပေါ့။ ဖုန်းအားမျှပဲ၊ ဓာတ်မီးတွေမျိုး ဘုရားစင်မီးသီးတွေဘာတွေပေါ့၊ ကိုယ့်မီးပလပ်နဲ့ ကိုယ်သွားပြီးတော့သွင်း ပြည့်နေရောပဲ မင်းဒပ်ကလည်း သွင်းတယ်၊ ဦးတို့ရွာကလည်း သွင်းတယ် ကမြိုင်ကတွေလည်း လာသွင်းကြတယ်။ ရငဲမှာက စက်နှိုးပြီးတော့ ဖုန်းတစ်လုံးကို ၁၀၀၀ ပေးသွင်းရတယ်။ ပိုက်ဆံနဲ့ လုပ်စားနေကြတယ် တစ်ချို့တွေဆို။ ဦးတို့ရွာမှာတော့ ပိုက်ဆံမပေးရဘူး။ ဘုန်းကြီးက ဆီဖိုးလည်းမတောင်းဘူး သူ့ဘာသူရှာယူမယ်တဲ့။
DW ။ ဒါဆို ဦးတို့မှာ လျှပ်စစ်မီးမရှိတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။ အရင်ကဆို ထမင်းပေါင်းအိုးနဲ့ ထမင်းတွေဘာတွေ ချက်မှာပေါ့။ ဖုန်းအားသွင်းတာတွေက အဓိကဆိုတော့ဘယ်လိုလုပ်နေကြလဲ။
ဖြေ ။ ဖုန်းအား မရှိတော့ဘူးဆိုရင် တခြားလူတွေနဲ့ လမ်းကြုံပေးလိုက်တာပေါ့၊ မီးမရှိတော့ ဖယောင်းတိုင်မီးနဲ့ ထွန်းတယ်။
DW ။ ရေနံဆီ မီးခွက်နဲ့ မသုံးကြဘူးလား။
ဖြေ ။ အရင်ခေတ်ကလို ရေနံက ဘယ်သူမှမသုံးကြတော့ဘူး။ ဖယောင်းတိုင်မီးပဲ သုံးကြတော့တယ်။ ဖယောင်းတစ်ထုတ်ဆိုရင် ဘုရားမီးလည်းထွန်းတယ်။ လူမီးလည်းထွန်းတယ်။ ထမင်းကတော့ ဦးလေးတို့လင်မယား မမှောင်ခင်ကပဲ ထမင်းစားကြတယ်။
DW ။ ဒါဆို ဦးတို့မှာ ဖုန်းအားက သဘောရှိသုံးလို့မရဘူးပေါ့။
ဖြေ ။ သုံးမရဘူး ဦးလေးဆို ခြံထဲကိုသွားနေလို့ ၃ ရက်လောက်ကြာမှ တစ်ခါသွင်းရတယ်။ ပါဝါဘဏ်လည်းရှိတယ်။ ပါဝါဘဏ်လည်း သွင်းရတယ်။ ဘုန်းကြီးကျောင်းမှာက ပါဝါဘဏ်လည်းသွင်းရတယ်။ ကြိုက်တာသွင်းပဲ။
DW ။ တခြားရွာတွေကပါ ဒီဘုန်းကြီးကျောင်းမှာ လာသွင်းတယ်ဆိုတော့ သူတို့ရွာမှာ အားသွင်းရတဲ့နေရာမရှိလို့ထင်တယ်။
ဖြေ ။ မရှိဘူး။ ရငဲမှာဆိုရင် (အားသွင်းခ) ဖုန်းတစ်လုံး ၁၀၀၀ ယူတယ်ပြောတယ် မဟုတ်လား။ ပါဝါဘဏ်ငယ်ငယ်ဆို ၁၀၀၀ ကြီးကြီးဆို ၂၀၀၀ ပေးရတယ်။ ဦးလေးတို့ရွာမှာ ပိုက်ဆံမပေးရဘူး။ အေး ဒါပေမဲ့ မီးပလပ်ခုံကတော့ ကိုယ့်မီးပလပ်ခုံနဲ့ ကိုယ်ယူလာသွင်းရတယ်။
DW ။ မီးက ဘာလို့ဖြတ်ထားတယ်ကြားလဲ။
ဖြေ ။ မီးဖြတ်တာက ဗုံးလာကြဲတုန်းက မီးကြိုးတွေထိတယ်၊ ဝင်းဝမှာလည်း ပြတ်တယ် မင်းဒပ်မှာလည်း ပြတ်တယ်။ မီးကြိုးမပြတ်တဲ့ရွာတွေ ချောင်းဝပြင်တို့ စုံစင်တို့မှာလည်း မီးပြတ်နေတာပဲ။ ဦးလေးတို့ရွာဘက်မှာက သူ့ဘာသူမီးကြိုးတွေပြတ်တယ်။ ချောင်းဝပြင်နဲ့စုံစင် ဟိုဘက်ရွာတွေကတော့ သီးသန့်ဖြတ်ထားတယ်ဆိုပြောတယ်။ သူတို့လည်းမီးမရဘူး။ မလုပ်ခိုင်းဘူး။ ဆန်တွေဘာတွေလည်း တင်မရဘူး။ ဆီတွေဘာတွေလည်း သယ်မရဘူး။
DW ။ အင်တာနက်ရော ရလား။
ဖြေ ။ အင်တာနက်တော့ ရတယ်။ ရတဲ့အခါလည်း ရတယ်။ သူလည်းပြတ်တဲ့ခါ ပြတ်တယ်။ ဖုန်းလိုင်းတော့ မပြတ်ဘူး။ ပြတ်တဲ့ခါလည်း ပြတ်တာပဲ။ တစ်ခါတလေလည်း သူ့ဘာသူ ပြန်ပြန်ရလာတယ်။ တစ်ခါတလေလည်း တစ်ရက်လောက်ပြတ်တယ်၊ တစ်ခါတလေလည်း နေ့တစ်ဝက်စာလောက်ပြတ်တယ်။ မီးလာပြင်တဲ့အဖွဲ့တွေ မီးကြိုးလာဆက်တာကို (စစ်ကောင်စီ)စစ်တပ်က မလုပ်ခိုင်းဘူးတဲ့။ မီးရုံမှာ လုပ်တဲ့ မီးကြိုးလိုက်လုပ်တဲ့သူတွေ ပြောတာ။ အခုဆို မီးမရတာ သင်္ကြန်မကျခင်ကတည်းက အခုထိပဲပေါ့။
DW ။ ဘုန်းကြီး မီးစက်နှိုးပေးမှ ဖုန်းအားသွင်းရတယ်ဆို ဖုန်းကိုသဘောရှိသုံးလို့ ဘယ်ရမလဲနော်။ အင်တာနက်သုံးတဲ့ လူငယ်တွေအတွက် ပိုပင်ပန်းမှာပေါ့။ ဘာလို့ဆို အင်တာနက်သုံးရင် ဖုန်းအားက ခဏပဲခံတယ်ဆိုတော့။ ခြွေတာသုံးနေရမှာပေါ့။
ဖြေ ။ အေးအေး ဟုတ်တယ်။ ဖုန်းအားသွင်းတာက အလုပ်တစ်ခုဖြစ်နေတာပေါ့၊ ဖုန်းအားသွင်းရင် ၉ နာရီ ၁၀ နာရီထိ အားသွင်းနေရတော့ အလုပ်ပျက်သွားတာပေါ့။ အလုပ်သွားဖို့ဘယ်ခံတော့မလဲ။ လူအများကြီး လာသွင်းနေကြတာဆိုတော့ ကိုယ့်ဖုန်းကိုယ် သွားစောင့်ယူနေရတာပေါ့။ မင်းဒပ်ကလူတွေကတော့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးလာရှောင်ရင်းသွားကြတာပေါ့။ ကမြိုင်ရွာကတော့ သီးသန့်ကို လာသွင်းတဲ့လူတွေရှိတယ်။ ကနက်သီရိရွာမှာလည်း အဲ့လိုပဲ ပိုက်ဆံပေးပြီး သွင်းနေကြရတယ်။ ဦးလေးသွားတုန်းက အဲ့လိုပဲသွင်းနေကြတာတွေ့ခဲ့ရတယ်။
“မနှစ်က တိုက်ပွဲဖြစ်တည်းက တောင်သုံးလုံး၊ ကျောက်မဲတောင်ဘက်မှာ မီးကြိုးတွေပြတ် သစ်ပင်တွေကျိုး ဖြစ်ပြီးတည်းကပဲ မီးမရကြတာ”
လိပ်ကြယ်ပြောင် ဒေသခံအမျိုးသမီးတစ်ဦး (အသက် ၅၀ ကျော်)
DW ။ အစ်မတို့ဆီမှာ လျှပ်စစ်မီးရနေလား
ဖြေ ။ အေး ရနေတယ်။ လာနေတာပဲ။
DW ။ ၂၄ နာရီမီးရလား အချိန်မှန်လာလား။ ထားဝယ်မြို့ပေါ်မှာလို ၄ နာရီခြား ၆ နာရီခြား အချိန်နဲ့ ပေးတာမျိုးလား။
ဖြေ ။ မဟုတ်ဘူး တို့နားမှာ ၂၄ နာရီလာတယ်။ အချိန်နဲ့ ပေးတာမဟုတ်ဘူး ၂၄ နာရီ လာနေတာပဲ။
DW ။ ဒါဆို တောင်သုံးလုံး၊ မေတ္တာဘက်မှာရော မီးရလား။
ဖြေ ။ အေး အဲ့ဘက်မှာက မီးမရတာကြာပြီ။ မနှစ်က တိုက်ပွဲဖြစ်တည်းက တောင်သုံးလုံး၊ ကျောက်မဲတောင်ဘက်မှာ မီးကြိုးတွေပြတ် သစ်ပင်တွေကျိုး ဖြစ်ပြီးတည်းကပဲ မီးမရကြတာ။ မီးကြိုးတွေ ပြန်ဆက်ဖို့ပြောသံကြားသေးတယ်။ နောက်လုပ်မဖြစ်ကြဘူး။ အဲ့ဒီရွာတွေဘက်မှာ လူလည်းသိပ်မရှိကြတော့ဘူးလေ။ စစ်ဖြစ်တည်းက ပြေးသွားကြတာ။ အခု ဒီနှစ်လည်း လမ်းပိတ်ထားတာနဲ့ ရွာထဲမှာ မနေခိုင်းဘဲ ရွေ့ခိုင်းထားတယ်ဆိုတော့ လူတွေ မရှိကြဘူး။ မေတ္တာဘက်မှာလည်း မရဘူးလို့ ပြောသံကြားတယ်။ အဲ့ဘက်ထိတော့ သေချာမသိဘူး။ အဲ့ဘက်တွေမှာ ဖုန်းလိုင်းကလည်း ကောင်းကောင်းမရတော့ အဆက်အသွယ်မရှိဘူး။