BREAKING
October 20, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

July 19, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင် ၁၂ မှ ၁၈ ရက်အထိ

ပျက်ကျခဲ့သော အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ဆီခလုပ်ကို လေယာဉ်မှူးများ ပိတ်နိုင်ဟု အမေရိကန်ဆို

ပျက်ကျခဲ့တဲ့ Air India လေကြောင်းလိုင်းပိုင် ဘိုးအင်း 787 လေယာဉ်ရဲ့ ဆီခလုပ်တွေကို လေယာဉ်မှူးက ပိတ်လိုက်တာ ဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားပါတယ်။

လေယာဉ်မှူးက ခလုတ်တွေပိတ်လိုက်တယ်လို့ အတိအကျ မပြောနိုင်သေးပါဘူး။

လေယာဉ်ပေါ်က အသံမှတ်တမ်းအရ မပိတ်ပါဘူး လို့ ငြင်းတဲ့ လေယာဉ်မှူးကပဲ ပိတ်ချခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ကနဦး ကောက်ချက်ချထားတာပါ။

စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဆဲဖြစ်ပြီးတော့ ကောက်ချက်ချဖို့ စောနေသေးတယ်လို့ အိန္ဒိယ စုံစမ်းရေးအဖွဲ့ဘက်ကတော့ တုံ့ပြန်ထားပါတယ်။

နိုင်ငံတကာမီဒီယာတွေကနေ စိစစ်မှုမရှိတဲ့ တင်ဆက်မှုတွေကနေတဆင့် ကောက်ချက်ချနိုင်ဖို့ ထပ်တလဲလဲ ကြိုးပမ်းနေကြတယ်လို့ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေတဲ့ AAIB က ဝေဖန်ထားပါတယ်။

အိန္ဒိယ လေယာဉ်မှူးများ အဖွဲ့ချုပ်ကလည်း ဒီသတင်းတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါသေးတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ကို မောင်းနှင်သူတွေဖြစ်တဲ့ လေယာဉ်မှူးက ပျံသန်းမှုအတွေ့အကြုံ ၁၅,၆၃၈ နာရီရှိပြီး တွဲဖက်လေယာဉ်မှူးက ၃,၄၀၃ နာရီ ရှိပါတယ်။

Ref: REUTERS

……………………………………..

အစ္စရေးစစ်တပ် ဆီးရီးယားနယ်စပ်ကို ကာကွယ်

အစ္စရေးစစ်တပ်က ဇူလိုင် ၁၇ ရက်မှာ အစ္စရေး-ဆီးရီးယား နယ်စပ်ကနေ ဒရုဇ် တိုင်းရင်းသားတွေ ပြန်လာဖို့ ကာကွယ်ပေးခဲ့ကြပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒရုဇ် တိုင်းရင်းသားတွေကို ပြန်လာဖို့ လုပ်ဆောင်နေကြတာပါ။

စစ်ကားတွေ စစ်ပစ္စည်းတင်ထားတဲ့ကားတွေ စုစုပေါင်း ၅ စီးနဲ့ တပ်ဖွဲ့ဝင်တွေပါလာတဲ့ ကားတစ်စီးက နယ်စပ်ခြံစည်းရိုးအနားကနေ စောင့်ကြပ်ပေးခဲ့ပါတယ်။

လူဦးရေရာချီတဲ့ အစ္စရေးနိုင်ငံသား ဒရုဇ် တိုင်းရင်းသားတွေဟာ ဂိုလန်ကုန်းမြင့်ကနေ ဆီးရီးယားနိုင်ငံဆီ ခြေကျင်ရော ကားနဲ့ပါ သွားနေခဲ့ကြတာပါ။

အစ္စရေးစစ်တပ်က လူတွေသွားလာနေတာကို ရပ်တန့်ဖို့ ပြောခဲ့ပြီး ဒရုဇ် လူနည်းစုတိုင်းရင်းသားတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား အစိုးရတပ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ အစ္စရေးဘက်က ကတိပြုထားပါတယ်။

အစ္စရေးက ဇူလိုင် ၁၆ ရက်မှာ လေကြောင်းကနေ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ် သမ္မတအိမ်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်ခိုက်ထားပါတယ်။

Ref: Al Monitor

……………………………………..

ဒိုင်နိုဆောရုပ်ကြွင်းကို ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချ

ဒိုင်နိုဆောတစ်ကောင်ရဲ့ ရုပ်ကြွင်းကို ဒေါ်လာ ၃၀ ဒသမ ၅ သန်းနဲ့ လေလံတင် ရောင်းချခဲ့ပါတယ်။

ဒီရောင်းချမှုက လေလံတင်ခဲ့တဲ့ ဒိုင်နိုဆောတွေအနက် တတိယဈေးအများဆုံး ဖြစ်လာတာပါ။

Sotheby ကုမ္ပဏီက စရာတိုဆောရက် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကို ဇူလိုင် ၁၆ ရက်က လေလံတင်ခဲ့ပါတယ်။

လေလံပွဲမှာ လေလံဆွဲသူတွေကနေ ၆ မိနစ်ကျော်ကြာ ယှဉ်ပြိုင်ပြီး နောက်ဆုံးမှာ ဒေါ်လာ ၃၀ ဒသမ ၅ သန်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Sotheby ဟာ ၂၀၂၄ ခုနှစ်မှာ Apex အမည်ရှိ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကို ဒေါ်လာ ၄၄ ဒသမ ၆ သန်းနဲ့ ရောင်းချခဲ့ဖူးပါသေးတယ်။

Ref: arinet

……………………………………..

ဘင်္ဂလားဒေ့ရှ် ပါတီစုဝေးပွဲတွင် အကြမ်းဖက်မှုကြောင့် လူ ၄ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂိုပါလ်ဂန့်ဂျ်မှာ ဇူလိုင် ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်လူငယ်တွေ ဦးဆောင်တဲ့ အမျိုးသားနိုင်ငံသားပါတီ (NCP) စုဝေးပွဲမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်မှုထဲမှာ အမျိုးသားနိုင်ငံသားပါတီ (NCP) အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေ တိုက်ခိုက်ခံခဲ့ရတာပါ။

နောက်ထပ်လူ ၉ ဦး ဒဏ်ရာရရှိပါသေးတယ်။

မော်တော်ကားတွေ ဖျက်ဆီးခံရပြီး လူတွေလည်း ရိုက်နှက်ခံခဲ့ရတယ်လို့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မူဟမ်မဒ် ယူနွတ်စ်က ရေးသားထားပါတယ်။

ကျောင်းသားတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှု တနှစ်ပြည့်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ စုဝေးပွဲ ကျင်းပနေတဲ့ လူငယ်တွေကို အကြမ်းဖက်တာက သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်မှုလို့ ဆိုထားပါတယ်။

အကြမ်းဖက်မှုနဲ့ ပက်သက်လို့ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက တိတိကျကျ မထုတ်ပြန်သေးပါဘူး။

Ref: Bhaskar

……………………………………..

ကျူးဘားတွင် တောင်းရမ်းသူမရှိဟု ဆိုသော ဝန်ကြီး ရာထူးက နုတ်ထွက်

ကျူးဘားကျွန်းနိုင်ငံငယ်လေးမှာ တောင်းရမ်းသူမရှိဘူးလို့ ပြောဆိုခဲ့တဲ့ အလုပ်သမားဝန်ကြီး မာတာ အယ်လီနာ ဖေတို ကာဘရီယာ ဟာ (Marta Elena Feitó Cabrera) ရာထူးက နုတ်ထွက်ပေးလိုက်ရပါတယ်။

အမှိုက်ပုံတွေထဲမှာ ရှာဖွေနေတဲ့ သူတွေဟာ ငွေရလွယ်လို့ လုပ်နေကြတာဖြစ်ပြီး ကျူးဘားမှာ တောင်းရမ်းသူဆိုတာမျိုး မရှိဘူးလို့ ဝန်ကြီးက လွှတ်တော်ထဲမှာပြောခဲ့တာပါ။

ကျူးဘားမှာ သူတောင်းစားမရှိဘူး၊ ငွေရလွယ်အောင်လို့ သူတောင်းစား အယောင်ဆောင်နေတဲ့သူတွေပဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ပြောဆိုမှုအပေါ် ကျူးဘားပြည်သူတွေက အလုပ်သမားဝန်ကြီး ရာထူးကထွက်ဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

Ref: BBC

……………………………………..

Labubu အရုပ်ရောင်းချမှု အမြတ် ၃၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ

Labubu အရုပ်တွေထုတ်တဲ့ Pop Mart ကုမ္ပဏီက ဒီနှစ် ပထမ ၆ လရဲ့ အမြတ်ငွေက ၃၅၀ ရာခိုင်နှုန်းထက်မနည်း မြင့်တက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီပမာဏဟာ ခန့်မှန်းထားတာထက် ၃ ဆက်ပိုပြီး အမြတ်ရရှိခဲ့တာပါ။

Labubu အရုပ်လေးတွေရဲ့ Brand ဟာ ကမ္ဘာ့အသိအမှတ်ပြု အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။

Pop Mart ရဲ့ စတော့ဈေးကွက်တန်ဖိုးက ဒေါ်လာ ၄၀ ဘီလီယံကျော် ရှိနေတာပါ။

Labubu အရုပ်ကို ၂၀၁၉ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ Pop Mart ကုမ္ပဏီက ဟောင်ကောင်မှာ စတော့ရှယ်ယာတွေကို စတင်ရောင်းချခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှယ်ယာတန်ဖိုး ၆၀၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်ခဲ့ပြီး ကုမ္ပဏီ စတော့ရှယ်ယာတန်ဖိုးလည်း ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။

Ref: BBC

……………………………………..

ဟယ်ရီပေါ်တာမင်းသမီး ကားမောင်းခွင့် ၆ လအပိတ်ခံရ

ဟယ်ရီပေါ်တာဇာတ်ကားမှာ ဟယ်မွန်နီ ဂရိန်ဂျာ ဇာတ်ရုပ်နဲ့ နာမည်ရလာခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် မင်းသမီး အမ်မာဝက်ဆင်ဟာ ကားမောင်းခွင့် ၆ လ အပိတ်ခံလိုက်ရပါတယ်။

အောက်စဖို့ဒ်မှာ တစ်နာရီ မိုင် ၃၀ နှုန်းမောင်းရတဲ့ ဇုန်မှာ ၃၈ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့လို့ ဒဏ်ကြေး ပေါင် ၁၀၄၄ လည်း ပေးဆောင်ခဲ့ရတာပါ။

သူမကိုယ်တိုင် ဝန်ခံခဲ့ပြီးနောက် ဇူလိုင်လ ၁၆ ရက်နေ့က High Wycombe Magistrates တရားရုံးက အခုလို စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။

တရားရုံးကို အမ်မာ မတက်ရောက်ခဲ့ပါဘူး။

သူမ ကိုယ်စားတက်ရောက်ခဲ့တဲ့ ရှေ့နေက သူ့အမှုသည်က အကုန်လုံးကို အပြည့်အဝနားလည်လက်ခံပြီး ပြစ်ဒဏ်ကို လက်ခံမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC

……………………………………..