အီရန်နိုင်ငံအပေါ် တိုက်ခိုက်ရေးအစီအစဉ်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူထားပြီဖြစ်သော်လည်း အီရန်ဘက်က နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ခြင်းရှိမရှိကို စောင့်ကြည့်၍ နောက်ဆုံးအမိန့်ကို လက်ကိုင်ထားဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။
အစ္စရေး-အီရန် ပဋိပက္ခ ဆက်ဖြစ်နေသည့်အချိန်တွင် အမေရိကန်ဘက်က အီရန်နိုင်ငံကို တိုက်ခိုက်ရေးအပါအဝင် ၎င်းတို့အတွက် ရွေးချယ်နိုင်မည့် အစီအစဉ်များကို ဇွန်လ ၁၇ ရက်နေ့နောက်ပိုင်းတွင် ချပြလာခြင်းဖြစ်သည်။
အီရန်နိုင်ငံ၏ မြေအောက်တွင် တည်ဆောက်ထားသော Fordow အဆောက်အအုံသည် အမေရိကန်အတွက် အဓိက ပစ်မှတ်ဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Fordow သည် အီရန်နိုင်ငံ၏ မြေအောက်ယူရေနီယံသန့်စင်ရေးစက်ရုံဖြစ်ပြီး တောင်ကြီးအောက်တွင် အခိုင်အမာ တည်ဆောက်ထားသော အဆောက်အအုံဖြစ်သည်။
အကယ်၍ အီရန်ကို တိုက်ခိုက်မည်ဆိုပါက နျူးကလီးယားအဆောက်အအုံများကို တိုက်ခိုက်ခြင်းရှိမရှိ သမ္မတ ထရမ့်ကို မေးမြန်းရာ “တိုက်ချင်တိုက်မယ်၊ မတိုက်ချင် မတိုက်ဘူး” ဟု ပြန်ဖြေကြားထားသည်။
နောက်ထပ် အီရန်ဘက်က ခြွင်းချက်မရှိ လက်နက်ချရန် ထရမ့်က ဆက်လက်ပြောဆိုထားသလို အနည်းဆုံးနောက်တစ်ပတ်ထဲတွင် ကြီးကြီးမားမား ဖြစ်လာဖွယ်ရှိကြောင်း ဆိုသည်။
အီရန်ဘက်ကမူ ၎င်းတို့သည် လုံးဝ လက်နက်ချမည်မဟုတ်ပဲ အမေရိကန်က ကြားဝင်လာပါက အစားမထိုးနိုင်သော နောက်ဆက်တွဲကိစ္စရပ်များကို ကြုံတွေ့ရမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင် Ayatollah Ali Khamenei က အစောပိုင်းတွင် ပြောကြားထားသည်။
လက်ရှိတွင် အမေရိကန်ဘက်က အရှေ့အလယ်ပိုင်းဒေသတွင် စစ်လက်နက်ပစ္စည်းများကို အခိုင်အမာတည်ဆောက်ထားပြီးဖြစ်ကြောင်း ဆိုသည်။
အမေရိကန်နိုင်ငံ၏ ရေတပ်ဖျက်သင်္ဘောကလည်း အရှေ့မြေထဲပင်လယ်ထဲသို့ ဝင်လာနေပြီး လေကြောင်းတိုက်ခိုက်ရေးအုပ်စုကလည်း အာရပ်ပင်လယ်ထဲသို့ ဦးတည်ထားကာ အီရန်နိုင်ငံကို ဖိအားပေးထားပြီဖြစ်သည်။
လက်ရှိတွင် အစ္စရေး-အီရန် လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်ဘက်က ၆၃၉ ဦး သေဆုံးခဲ့ပြီး အစ္စရေးဘက်က ၂၄ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: The Wall Street Journal, BBC