ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ယနေ့ ဇွန်လ ၁၉ ရက်တွင် ထိုင်းပြည်သူများက အစိုးရအိမ်တော်ရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးရန် ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေး ကျောင်းသားနှင့် ပြည်သူ့ကွန်ရက် (PDRC) အဖွဲ့က ဦးဆောင်၍ ထိုင်းပြည်သူများက ဆန္ဒပြနေခြင်းဖြစ်သည်။
ဆန္ဒပြပွဲတွင် တိုင်းပြည်လုံခြုံရေးအတွက် အပေးအယူလုပ်ခဲ့သည်ကို စွပ်စွဲခဲ့ကြပြီး ဝန်ကြီးချုပ်က နုတ်ထွက်ရေး တောင်းဆိုနေကြကြောင်း ဖော်ပြသည်။
ဆန္ဒပြပွဲများဖြစ်နေသော်လည်း ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က အစိုးရအိမ်တော်တွင် ကျင်းပခဲ့သော လုံခြုံရေးအစည်းအဝေးကို တက်ရောက်လာခဲ့သည်။






အစိုးရအိမ်တော်အနီး လမ်းတစ်လျှောက်ကို ထိုင်းရဲတပ်ဖွဲ့က ပိတ်ဆို့ထားသလို အစိုးရအိမ်တော်ထဲ မဝင်ရောက်နိုင်ရန်လည်း အတားအဆီးများစွာ ချထားသည်ကို ဓါတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။
လက်ရှိတွင် ထိုင်းပြည်သူများအနေဖြင့် တိုင်းပြည်ကာကွယ်ရေးအတွက် စည်းလုံးညီညွတ်ကြရန်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့က နုတ်ထွက်ရန် ညွန့်ပေါင်းပါတီအားလုံးကိုလည်း ဆန္ဒပြသူများက တောင်းဆိုထားသည်။
ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က အသံဖိုင်ပေါက်ကြားမှုအတွက် ပြည်သူများအားလုံးကို တောင်းပန်ထားပြီး နိုင်ငံတော်လုံခြုံရေးအတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
Ref: The Nation Thailand, Thairath







