ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မောတောင်လမ်းပိုင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၇ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်ဖြင့် သိန်ခွန်းနှင့် အေးသာယာရွာအနီးတဝိုက် နေရာများကို ဗုံးကြဲသည့်အပြင် ပွိုင့်ဖိုက် (စက်သေနတ်) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“သိန်ခွန်းစာသင်ကျောင်းက သုံးစား (အသုံးပြုလို့မရ) မရပြီ။ အေးသာယာရွာနားမှာက တောတွေထဲ လာပစ်လို့ ထိခိုက်မှု မရှိဘူး။ လေယာဉ်က လာဝဲလိုက် ကြဲလိုက်လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
နောက်တစ်ရက် ဇွန်လ ၁၈ ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ကြိမ်ချောင်းရွာဟောင်းနှင့် သိန်ခွန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ကြိမ်ချောင်းရွာသားတစ်ဦးက ပြောဆိုသည်။
“ကြိမ်ချောင်းရွာဟောင်းမှာက လူနည်းနည်းပဲနေကြတယ်။ ရွာသားတွေတော့ ထိခိုက်မှုမရှိဘူး။ ဘုရားကျောင်းက ကြေသွားပြီ။ လေယာဉ်ကလည်း တစ်စီးပြီးတစ်စီးလာတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ရှိလာသည့်အတွက် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ဗုံးခိုကျင်းများ တူးဖော်ထားရန် အဆိုပါဒေသတွင်လှုပ်ရှားနေသည့် KNLA တပ်ရင်း ၁၁ ၏ BLACK COBRA COLUMN စစ်ကြောင်းရုံးက တိုက်တွန်း ထုတ်ပြန်သည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်လည်စိုးမိုးရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ ဇွန်လ ၁၈ ရက်တွင် ခြောက်လတိတိ ရှိလာပြီဖြစ်သော်လည်း သိန်ခွန်းရွာက ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေကြောင်း ဖော်ပြထားသည်။
ထိုကြောင့် အဆိုပါဒေသဝန်းကျင်ရှိ ဒေသခံများမှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။