BREAKING
October 20, 2025

ရေဖြူ ပယရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကိုဖမ်းဆီး

June 19, 2025

ပုံစာ - ပယရွာတွင်းမြင်ကွင်း (ပုံဟောင်း)။ ဓာတ်ပုံ - Khwae ma paw page

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် ဇွန်လ ၁၇ ရက်တွင် ဒေသခံရွာသားလေးဦး စစ်ကောင်စီတပ်ကဖမ်းဆီးကြောင်း ဒေသခံများထံမှ သိရသည်။

အဖမ်းခံရသူများသည် ပယရွာ၊ ရှားကုန်းရပ်ကွက်က ဇနီးမောင်နှံနှစ်ဦးနှင့် ခွေးမဖောရွာက သားအဖနှစ်ဦးတို့ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲပြီးတဲ့ နှစ်ရက်မှာ စစ်သားတွေက အိမ်တွေဝင်ပြီး လိုက်စစ်တယ်။ ဖုန်းတွေရော စစ်ကြတယ်။ အဲဒီမှာ လေးယောက်ကတော့ အဖမ်းခံလိုက်ရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူလေးဦးအနက် ခွေးမဖောရွာက သားအဖနှစ်ဦးသည် ဇွန်လ ၁၈ ရက်ညက ပြန်လွတ်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည် ။

ပယရွာက ဇနီးမောင်နှံနှစ်ဦးကိုမူ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပယရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအင်အားစုများက ဇွန်လ ၁၅ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် စစ်ကောင်စီဘက်က ဇွန် ၁၈ ရက်အထိ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်း တော်လှန်အင်အားစုများထံမှ သိရသည် ။

“လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်လုပ်နေသေးတယ်။ မနေ့က(ဇွန် ၁၈)အထိ ဇာဒီချောင်းဝဘက်ကို ရောက်နေတဲ့ ရေတပ် သင်္ဘောက ပစ်နေတယ်။ တိုက်ပွဲရက်က စစ်ကောင်စီဘက်က လက်နက်ကြီးအစတွေကြောင့် ပယရွာထဲကအိမ်တွေ အမိုးတွေ ထိခိုက်တာရှိတယ်။ နွားကတစ်ကောင်သေတယ်” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒေါနတပ်ခွဲ ၇ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည် ။

ပယရွာ နှင့် ကပ်လျက်တည်ရှိသည့် ဇာဒီကျေးရွာအုပ်စုဘက်သို့လည်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာမည် စိုးရိမ်သဖြင့် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်နေကြသည့် ရွာသားအချို့လည်း တဖန် နေရပ်စွန့်ခွာရှောင်တိမ်းနေရကြောင်း စစ်ဘေးရှောင်နေရသည့် ဇာဒီဒေသခံများထံမှ သိရသည်။