မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဒူးရင်းသီးဈေးကောင်းမရသဖြင့် ဒူးရင်းယိုလုပ်သူ ပိုများလာကြောင်း ဒူးရင်းခြံပိုင်ရှင်များနှင့် ဒူးရင်းသီးကုန်သည်များထံမှ သိရသည်။
ဒေသထွက် ဒူးရင်းသီးကို မြိတ်မြို့အပါအဝင် မြို့ကြီးများကို တင်ပို့ကြခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများနှင့် စစ်ကောင်စီကစစ်ကြောင်းထိုးနေမှုများကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲနေသည့်အတွက် ဈေးကောင်းမရဖြစ်နေကြောင်း ဒူးရင်းခြံပိုင်ရှင်အချို့က ဆိုသည်။
ယမန်နှစ်က ကျပ်တစ်သောင်းခန့်ဈေးပေါက်သည့် ဒူးရင်းသီးတစ်လုံးမှာ လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်သာ ဈေးရှိတော့ကြောင်း ဒူးရင်းခြံပိုင်ရှင်အချို့က ဆိုသည်။
“ဈေးကောင်းမရမယ့်အတူတူ ယိုထိုးမယ်ဆိုပြီး ဒူးရင်းယို ထိုးလိုက်တယ်။ ယိုထိုးရတာတော့ အလုပ်တော့ရှုပ်တယ်။ မိုးကလည်းရွာ ဈေးကလည်းမကောင်း ဒူးရင်းသီးတွေကလည်း ရေဖျင်း(ရေဝင်)ဖြစ်ချင်သလိုတွေ ဖြစ်လာတယ်။ ယိုထိုးလိုက်တာအကောင်းဆုံးပဲဆိုပြီး ထိုးလိုက်တယ်”ဟု မြိတ်မြို့နယ်ရှိ ဒူးရင်းခြံပိုင်ရှင်တစ်ဦးက ပြောသည်။
မြိတ်မြို့တွင် ဒူးရင်းယိုတစ်ပိဿာလျှင် ငွေကျပ်ငါးသောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ၎င်းကဆိုသည်။
ဘုတ်ပြင်းမြို့နယ်ရှိ ဒူးရင်းခြံပိုင်ရှင်တစ်ဦးကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒူးရင်းသီးဈေးကောင်းမရ ဖြစ်နေသည့်အတွက် ယိုထိုးတော့မည်ဟုဆိုသည်။
“နောက်ထပ်သီးတဲ့ အသီးတွေအကုန် ဒူးရင်းယိုထိုးမယ် စဉ်းစားထားတယ်။တခြားဒေသတွေကိုတင်ပို့ရင်လည်း ဘာမှမထူးဘူး။လမ်းပန်းဆက်သွယ်ရေးအခြေအနေက စိတ်မချရဘူး။ဒူးရင်းယိုက သေချာထိုးပြီးသိမ်းထားရင် ၁ နှစ် ၂နှစ် နီးပါးလောက်အထိ အထားခံတယ်လေ”ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ဒေသမျိုးရင်းဒူးရင်းပင်များအပြင် ထိုင်းနိုင်ငံကတင်သွင်းသည့် မျိုးရိုးဗီဇပြုပြင်ထားသော ဒူးရင်းပင်များလည်း စိုက်ပျိုးထားကြသည်။