BREAKING
October 20, 2025

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ

June 19, 2025

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးရှိ ရမ်းဖိုရွာတွင် စစ်ကောင်စီတပ်သားများကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ထုတ်ပြန်ချက်များအရ သိရသည်။

ဇွန်လ ၁၇ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဇဝဲရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းဘက်မှ ခြေလျင် ထွက်လာသည့် အင်အားတစ်ရာကျော်ပါ စစ်ကြောင်း၊ ရမ်းဖိုရွာအရောက်တွင် ဆွဲမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ်တပ်သားတစ်ဦးက ဆိုသည်။

“သူတို့က အင်အားဖြည့်ဖို့ရောက်ကြတယ်။ မိန်းလမ်းမတစ်လျှောက် တန်းစီတက်လာတယ်။ သူတို့အလာကိုစောင့်ပြီး မိုင်းဆွဲလိုက်တယ်။ သူတို့ဘက်က ထိခိုက်မှုရှိနိုင်တယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ ထောင်ထားသည့် မိုင်းကွင်းအနီးရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။

ထိုနောက် ဇွန်လ ၁၈ရက် နေ့လယ် ၁၂နာရီခွဲခန့်တွင် ရမ်းဖိုရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

“သူတို့က ရမ်းဖိုရွာ လူနေအိမ်တွေမှာ တပ်စွဲထားကြတယ်။တွား(သွား)ပြီး အနီးရောက်မှပစ်တယ်။ထိပြီး လဲကျနေတာတွေ တွေ့ရတယ်”ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဇွန် ၁၈ရက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး ဇွန် ၁၇ ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က ထိခိုက်မှုရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ရမ်းဖိုရွာမှာ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တနင်္သာရီမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည်။

အဆိုပါနှစ်ရက်ဆက်တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့ ၊KNLAတပ်ရင်း(၁၁) ၊မြိတ်ပကဖ အဖွဲ့နှင့် တနင်္သာရီ ပကဖဇုန်(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။