BREAKING
May 19, 2025

သရက်ချောင်း ဝင်းကဖော်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲ

May 19, 2025

ပုံစာ - ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်ဥယျာဉ်ခြံတစ်ခု။ (ပုံဟောင်း)

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းကဖော်ရွာတစ်ဝိုက်ကို နေ့လယ် ၁၂ နာရီခွဲခန့်တွင် K8W ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျောက်ခဲက ပြောသည်။

ဒေသခံအချို့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဝင်းကဖော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဗုံးလေးလုံး လာကြဲသွားတယ်လို့ပဲ ကြားတယ်။ လူထိခိုက်မှုရှိတယ်လို့ ပြောသံမကြားဘူး” ဟု ဝင်းကဖော်ကျေးရွာအနီးက အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပထမအကြိမ်တွင် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ပြီး နောက်ထပ် ၅ မိနစ်ခန့် ပတ်ပျံပြီး ဒုတိယအကြိမ်တွင် ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း ရဲဘော်ကျောက်ခဲက ပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ခန်းသိမ်းတိုက်ပွဲနှင့် စစ်ရေးလှုပ်ရှားမှုများ စိပ်လာသဖြင့် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း ရဲဘော်ကျောက်ခဲက ဆိုသည်။

“ဒီဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ စိပ်လာတာပေါ့နော်၊ အဲဒါတွေကြောင့်လည်း ဖြစ်နိုင်တယ်၊ စစ်ရေးလှုပ်ရှားမှုတွေ စခန်းသိမ်းတိုက်ပွဲတွေ များလာတာကြောင့်လည်းဖြစ်နိုင်တယ်။ အဲဒါကြောင့် သူတို့ကြိုကာတဲ့သဘောမျိုးနဲ့ လိုက်လုပ် တာတွေ လိုက်ကြဲတာတွေဖြစ်နိုင်တာပေါ့နော်။ နောက်တစ်ခုက အခုတကယ့်ဗျူဟာကျတဲ့စခန်းတွေ ကျလာတယ်ဆိုတော့ နောက်ထပ်စခန်းတွေကို သိမ်းနိုင်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ကြိုကာတဲ့သဘောမျိုးလို့ ထင်တယ်” ဟု ရဲဘော်ကျောက်ခဲက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် လေကြောင်းရန်ကို စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်နေရကြောင်း ဒေသခံအချို့က ပြောဆိုသည်။