ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းရှိ အေးချမ်းမြိုင်ကျေးရွာအနီး ဒေသအခေါ် (ဗူးပင်ကွေ့) နေရာတွင် ကုန်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆက်ကျော်သက်လူငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မေလ ၁၇ရက် နံနက် ၁၀နာရီဝန်းကျင်တွင် ရန်ကုန်ဘက်မှ ကော့သောင်းသို့ မောင်းနှင်လာသည့် ၁၂ ဘီးတပ်ကုန်တင် ကားနှင့် ဘုတ်ပြင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ လမ်းအကွေ့တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာသည့် အသက် ၁၉ နှစ်အရွယ် မောင်စိုးသူ ခေါ် ဆန်းငယ် ဒဏ်ရာ အပြင်းအထန်ရပြီး ဆေးရုံတွင် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အနောက်မှာပါလာတဲ့ တစ်ယောက်ကတော့ လွင့်ထွက်သွားတယ်။ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားလို့ ကော့သောင်း ဆေးရုံကို အရေးပေါ် တင်လိုက်ရတယ်။ မောင်းတဲ့သူကတော့ ဘုတ်ပြင်းဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ ဘုတ်ပြင်းမြို့နယ်၊ ကော့ဗမာကျေးရွာအုပ်စု၊ ကြပ်မီးရွာနေ ဒေသခံများဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသားနှင့် ဒဏ်ရာရသူကို ဇမ္ဗူမေတ္တာကျန်းမာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။