BREAKING
June 11, 2025

တနင်္သာရီ ဘန်းလမွတ်ရွာကို စစ်ကောင်စီ နှစ်ရက်ဆက် ဒရုန်းဖြင့်ဗုံးချ

May 19, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယနေ့ မေလ ၁၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဘန်းလမွတ်ရွာလမ်းဆုံကို ဗုံးချတိုက်ခိုက်ခဲ့သလို မေလ ၁၈ ရက် ကလည်း ယင်းလမ်းဆုံကိုပင် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ဒရုန်း (ဗုံး) ကတော့ ကားလမ်းမပေါ်ကျပေမယ့် ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာရခဲ့တာတော့ မရှိပါဘူး” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဒရုန်းများဖြင့် တစ်ကြိမ်လျှင် ဗုံးသီးနှစ်လုံးနှုန်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒရုန်းဖြင့် တိုက်ခိုက်သည့်ရက်တို့တွင် တော်လှန်ရေးတပ်က ပြည်ထောင်စုလမ်းမကြီးပေါ် ကားများကို စစ်ဆေးမှုများရှိခဲ့ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။

ဘန်းလမွတ်ရွာအနီးတွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းရှိသည်။

ပြီးခဲ့သည့် မတ်လ ဆန်းပိုင်တွင်မူ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းရှိ ညောင်ပင်ကုန်းရွာ အပါအဝင် ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က တပ်စွဲထားခဲ့သည်။

ဘန်းလမွတ်ရွာလမ်းဆုံတွင် စစ်ကောင်စီတပ်သားများလည်း တပ်စွဲထားဖူးပြီး ၎င်းတို့ တပ်စွဲချိန် လမ်းသွားလမ်းလာများကို မကြာခဏ စစ်ဆေးဖမ်းလေ့ရှိသည်။