BREAKING
May 19, 2025

ဂါဇာတွင် စားနပ်ရိက္ခာ ပိတ်ဆို့ထားမှု ဖြေလျှော့ပေးမည်ဟု အစ္စရေးကြေညာ

May 19, 2025

ဓာတ်ပုံ - ရိုက်တာ

ဂါဇာကို စားနပ်ရိက္ခာအကူအညီ ပိတ်ဆို့ထားမှုအပေါ် ဖြေလျှော့ပေးသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက မေလ ၁၈ ရက်နေ့က ပြောကြားလိုက်သည်။

ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အကြီးစားမြေပြင်စစ်ဆင်ရေး စတင်ခဲ့ပြီဟု အစ္စရေးစစ်တပ်က ကြေညာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်၏ အဆိုပါပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကာတာတွင် ပြုလုပ်ခဲ့သည့်အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား တစ်ဆင့်ခံဆွေးနွေးပွဲသစ်များတွင် တိုးတက်မှုမရရှိခဲ့ကြောင်း နှစ်ဘက်သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောဆိုလာပြီးနောက် အစ္စရေးဘက်က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲများတွင် အပစ်အခတ်ရပ်စဲရေး ၊ ဓားစာခံလဲလှယ်ရေး ဆွေးနွေးချက်များ ပါဝင်ကြောင်း နေတန်ညာဟုက ပြောသည်။

ဟားမတ်စ်အဖွဲ့ဝင်များအား ဂါဇာမှ ပြည်နှင်ဒဏ်ပေးရေးနှင့် ဂါဇာတွင် စစ်လက်နက်ဖျက်သိမ်းရေးတို့ကို အစ္စရေးဘက်မှ တောင်းဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အချက်များသည် ဟားမတ်စ်ဘက်မှ ယခင်ကတည်းက ငြင်းဆန်ထားပြီးသား အချက်များပင် ဖြစ်သည်။

စစ်ပွဲအဆုံးသတ်ရေးအတွက် ဂါဇာမှ အစ္စရေးတပ်အားလုံး ရုတ်သိမ်းပေးရန် ၊ဂါဇာအတွက် စားနပ်ရိက္ခာ အကူအညီပိတ်ဆို့ထားမှုကို အဆုံးသတ်ရန် ၊ ပါလက်စတိုင်းအကျဉ်းသားများကို အစ္စရေးဘက်မှ ပြန်လွှတ်ပေးရန်တို့ကို ဟားမတ်စ်ဘက်မှ တောင်းဆိုနေဆဲ ဖြစ်ကြောင်း ဟားမတ်အရာရှိတစ်ဦးက ပြောသည်။

ယခုနှစ် မတ်လတွင် စတင်ခဲ့သည့် ဂါဇာသို့ စားနပ်ရိက္ခာအကူအညီမဝင်ရောက်နိုင်ရေး အစ္စရေး၏ ပိတ်ဆို့ထားမှုကြောင့် အစုလိုက်အပြုံလိုက် ငတ်မွတ်မှုဘေး ဖြစ်ပေါ်မည့် အန္တရာယ် ကြီးထွားလာလျက် ရှိသည်။

ယင်းကြောင့် အစ္စရေးအစိုးရအပေါ် ဖိအားများ တိုးပွားနေလာချိန် အစ္စရေးစစ်တပ်က ဂါဇာတွင် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်လျက် ရှိသည်။

ပြီးခဲ့သည့်အပတ်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးအရာရှိများက ဆိုသည်။

ယမန်နေ့ တနင်္ဂနွေနေ့အထိ ပြီးခဲ့သည့် တစ်ပတ်အတွင်း ပါလက်စတိုင်း အနည်းဆုံး ၄၆၄ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Source: Reuters