ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်ရေကန်ဘောင်က ရောင်စုံလက်ခလယ်ပြတိုက်ဆီ ကြွတော်မူပါ

March 19, 2026

ကဲ…ကဲ…. ရေကန်ဘောင်ဘက် လမ်းလျှောက်သွားကြမယ်ဟေ့။ ဘယ်သူလိုက်မလဲ။ ဖြူဖွေး၊ မဲတူ၊ ကျားစိန်၊ ချစ်တူး၊ နက်ကျားတို အသင့်ပြင်။ အဟမ်း…..မရောက်စဖူး အရောက်ထူးသွားအောင် မြိတ်မြို့ကြီးရဲ့ သန့်ရှင်းသာယာလှပရေးကို တလေးတစား တရိုတသေ ထိထိရောက်ရောက် နောက်စီးဦးရှောင်လုပ်ပေးနေကြတဲ့ ရာထူးဖိကိုယ်တော်ကြီး၊ ကိုယ်တော်လေးတွေကိုလည်း ပင့်ချင် ဆောင့်ချင် ခေါ်ချင်သဗျ။ လည်ကုတ်က ဆွဲပင့်သွားရင်ကောင်းမလား၊ နားရွက်ကလေးတွေကို တံတွေးဆွတ်ပြီး ဆွဲခေါ်သွားရင် ကောင်းမလားလို့ စဉ်းစားနေမိ။

အဟမ်း…အဟမ်း…။ ရေကန်ဘောင်ရဲ့ ရောင်စုံလက်ခလယ်တွေဆီ ကြွဖူးချီဖူးမှာ မဟုတ်ဘူးဆိုတာ သေချာသိလို့ စေတနာအပိုလောင်းပြီး မိတ်ဆွေဟောင်းတွေလိုခေါ်တာနော်။ သားတို့ သမီးတို့ ရောက်ဖူးပြီးပါကောလို့ ကလီကမာလုပ်ပြီး ပလီပလာမပြောကြေး။

ဪ…မေ့လို့။ ရေကန်ဘောင်ဆိုတာ ရပ်ဝေးရပ်နီးမြိတ်သားတွေက ပလူးနေကြမို့ သိပြီးသားဆိုသော်ငြား မိုင်တွေဝေး အထင်နဲ့ငေးကြမယ့် ဝေးဝေးက မြိတ်ချွေးမ၊ မြိတ်သားမက်တွေတော့ မသိလောက်ဘူး။ အဲဒီတော့ ရေကန်ဘောင်အကြောင်း ကြော်ငြာလေး တစ်ဖြတ်ဝင်မယ်ဟေ့။

အာ..အာ..သေပြီပဲ။ ကြော်ငြာကဏ္ဍအတွက် စပွန်ဆာပေးထားတဲ့ ဘဲကြီးတစ်ပွေက အခုချက်ချင်းဖျက်သွားလို့ ဝင်စရာကြော်ငြာလေးတစ်ဖြတ်လည်း ပလုံးချေပြီဗျ။ စောရီးပါ မြိတ်ချွေးမ၊မြိတ်သားမက်တို့ရေ။ AI ကိုပြေးပြီး မြိတ်ရေကန်ဘောင်အကြောင်းလေး နှိုက်ထုတ်ကြည့်လိုက်ကြတော့။ ရောင်စုံလက်ခလယ်လေးတွေ တန်းစီပြီးပါလာရင်တော့ မသိဘူးနော့်။ အထူးသတိပါ။

ကဲ…ရောက်ပါပြီဗျို့။ ကိုယ်တော်ကြီးတို့ ကိုယ်တော်လေးတို့ ဖုန်းလေးတွေ ထုတ်တော်မူပါ။ ဟိုးမှာတွေ့လား ကိုယ်တော်တို့ကို မချိပြုံးလေးနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အသင့်စောင့်နေတဲ့ ခါးကျိုး၊ ဦးကျိုး၊ တွန့်လိမ်ပိန်ကောက်နဲ့ အရိုးပျော့ရောဂါရနေတဲ့ အမှိုက်မပစ်ရ ဆိုင်းဘုတ်လေး။

ဟာ…ဟိုဘက်မှာလည်း အမှိုက်မပစ်ရ ဆိုင်းဘုတ်လေးတစ်ခု၊ ကြည့်ပါဦး။ အမှိုက်ထုပ်တွေ ဝိုင်းထပ်တက်ပြီး မုဒိန်းကျင့်နေလို့ သူ့ခမျာ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ခေါင်းတောင် အနိုင်နိုင်ထောင်လို့ ယဲ့ယဲ့လေးဗျ။ ကိုယ်တော်တို့ သတိထား နှုတ်ဆက်လိုက်ဦးနော်။ မုဒိန်းကောင်အမှိုက်ထုပ်တွေထဲ ကိုယ်တော်တို့ အိမ်က ဟာတွေလည်း ပါနေလို့ မှတ်မိပြီး ထနှုတ်ဆက်နေကြရင် အခက်။

ဟော…ပေါင်းကူးလေးနားရောက်ပြီ။ ဒီနားက အပင်အုပ်အုပ်အောက်မှာ ရှိတဲ့ ဖျာလိပ်အစုတ်၊ အခင်းအစုတ်၊ ပုဆိုးအစုတ်၊ ထဘီအစုတ်တွေ၊ ထမင်းကျန်ထုပ်တွေက ကိုယ်တော်တို့ကို စောင့်နေတာမဟုတ်ဘူးနော်။ အဲအပင်ကို ဟိုတယ်လုပ်ပြီး သဘာဝလေအေးပေးစက်လေးတွေနဲ့ အပြည့်အဝစံစားနေကြတဲ့ အိမ်ခြေရာမဲ့ ဦးဦးတို့ရဲ့ ဟာတွေပါ။ ခုလို အသေးစိတ်ပြောပြနေတာက ကိုယ့်ဟာလို့ထင်ပြီး ဝင်သိမ်းမိမှာစိုးလို့။ စေတနာလေးနဲ့ပါ။ အဟမ်း..။

အယ် ဒီဘက်ကြွ ဒီဘက်ကြွပါဦးခင်ဗျ ဒီဘက်။ တွေ့လား ဒီမှာ ငုတ်တုပ်လဲနေတာတွေ အတွေးအခေါ်တွေ စူးသွားစေမယ့် ဘီယာဘူးခွံလို့ခေါ်ပါတယ်ခင်ဗျ။ ဟိုဘက်နားက ဖြူနီပြာဝါရောင်စုံတွေနဲ့ ရှိနေတာက ယိမ်းသမလေးတွေ မဟုတ်ဘူးနော်။ အဲဒါ ကြွတ်ကြွတ်အိတ် အရှင်လတ်လတ်၊ အသေစန့်စန့်တွေဗျ။ သင်္ကြန်နားနီးနေပြီဆိုတော့ ဖြူနီပြာဝါလေးတွေလွင့်ဖို့ မဏ္ဍပ်အမြတ်တွေကို ပြေးတွေးနေမှာကြိုသိလို့ကြိုအော်ထားတာ။ အဲဒါ ပလတ်စတစ်မှ ပလတ်စတစ်အစစ်တွေ။ အိုင် အမ် အေမီသားဂင်းငယ်ဈာန်ပါ။

ဟောဗျာ… ရှက်လိုက်တာဆို၊ လွန်ရော။ မြိတ်မြို့စည်ပင်သာယာရေးအတွက် အားကြိုးမာန်တက်လာကြည့်နေကြတဲ့ ကိုယ်တော်တို့အရှေ့မှာမှ မြိတ်မြို့အတွင်းလူဦးရေလျှော့ချရေး စေတနာရှင် ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့ အမွေခံပစ္စည်း ကွန်ဒုံးတွေက ချွဲတွေတန်းလန်းနဲ့။ အော့အော့ချိတွေ။ ချုံဟိုတယ်တွေကြည့်ဦး။ အတော်အလုပ်ဖြစ်ပုံရတယ်။ ညှိုးလို့ ညွတ်လို့ ကျိုးလို့ ကိုင်းလို့ဟေ့။

ဒီဘက်လည်းတစ်ချက်ရှိုးလိုက်ဦးဗျ။ ကန်ပတ်ပတ်လည်မှာ တွေ့လား။ လေတိုက်တိုင်း ရင်ခုန်လှုပ်ရှားနေကြတဲ့ အပျိုဖျန်းအိတ်မျိုးစုံတွေ။ အကိတ်၊ အစင်၊ ငါးဖောင်ရိုး စုံစီနဖာပဲ။ ကိုယ်တော်တို့ ကြွလာမှာ ကြိုသိလို့များ အားလုံးတက်တက်ကြွကြွနဲ့ ကြိုဆိုနေပါလားဆိုပြီး ဘဝင်လေဟပ် ဂုဏ်တွေဆာနေမိပြီမလား။ တကယ်တော့ ဘယ်ဟုတ်မလဲ။ မြက်ပင်ဖျားမှာ ဆွဲကြိုးချသေဖို့ ကျန်နေတဲ့အုပ်စုနဲ့ ကန်ရေထဲ ခုန်ချသတ်သေဖို့ ကြံနေတဲ့အုပ်စု အပြိုင်ပြိုင်အဆိုင်ဆိုင်ကို ဖြစ်နေတာ။

ဟော….ဟိုအိတ်အနီရောင်လေးက ပြောနေတယ်။ နောက်လာမယ့် အမှိုက်တွေကို နေရာပေးချင်လို့တဲ့။ အပြာရောင်လေးဆီကလည် ကြားနေရသဗျ။ မလိုဘူး အဲဒါငါ့နေရာတဲ့။ မဖယ်ပေးနိုင်ဘူးတဲ့။ အယ်….ကိုယ်တော်တွေကို ကြည့်ပြီး ပြောနေတာနော့်။ အကြောက်တရားကင်းမဲ့သော ဖြူနီပြာဝါများ။

ကိုယ်တော်ကြီးတို့ ညောင်းနေရော့ပေါ့။ ကဲ ထိုင်ကြတော်မူပါ။ ချိုးဖျက်ကျိုးပျက်ပိုင်းပြတ်စောင်းရွဲ့ ဘိလပ်ခုံလေးတွေက အထိုင်ခံဖို့ အသင့်ပါတဲ့ဗျ။ သတိထားပြီး ဆောင့်ထိုင်ကြပါ။ ဝင်တော်မူတတ်သတဲ့။ ဟဲ ဟဲ နှာခေါင်းထဲ အနံ့ဆိုးတွေ ဝင်မှာကို ပြောတာပါ။ ကျိုးပဲ့ဘိလပ်ခုံလေးမှာ ထိုင်ပြီး ကန်ရေပြင်လေးကို ငေးကြည့်ကြစမ်းပါဦး။

ငါးတွေများ ရေကူးရတာ ရေယက်တောင် ညောင်းလို့တဲ့။ ဖော့ကြုပ်ဘူးခွံလေးတွေက ကူကူးနေကြသဗျ။ စစ္စလီငှက်ကလေးတွ၊ ညနေဘက်အိပ်တန်းလာတဲ့ ငှက်ကလေးတွေလည်း ကန်ဘောင်ကြီးရဲ့ နေမကောင်းဖြစ်မှုကို မကြည့်ရက်လို့ အိပ်တန်းပြောင်းကုန်ကြတာနဲ့ သူတို့အစား ဘီယာဘူးခွံတွေ၊ ပလတ်စတစ်အိတ်ခွံတွေ၊ ကွန်ဒုံးခွံတွေက အစားထိုး ဝဲပျံဖောလော ကန်ရေတကြောပေါ့။ ကိုယ်တော်တွေတော့ ကြည့်ရက်ချက်ဗျ။

ကဲ… ဘယ်နှယ်ရှိစ။ ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ စောင့်ရှောက်ထားတဲ့ မြိတ်ရေကန်ဘောင်လေးရဲ့ ဣန္ဒြေသိက္ခာအပြည့်နဲ့လှပကျော့ရှင်း အညစ်အကြေးခင်းကြီးကို နဖူးတွေ့ဒူးတွေ့ နှာခေါင်းတွေ့ တစ်ကိုယ်လုံးတွေ့နဲ့ တွေ့လိုက်တော့ မြိတ်သီချင်းထဲကလို ရောက်ဖူးပြီးရင် မပြန်ချင်တယ်တို့ဘာတို့ ဖြစ်သွားကြပြီမလား။

အဟမ်း မပြန်ချင်လို့တော့ မရဘူးနော်။ ခေါ်လာတယ်ဆိုတော့ ကျုပ်က မရောက်ရောက်အောင် ပြန်ပို့ဦးမှာ။ ကိုယ်တော်တို့ နတ်စင်ရောက်မှ ဖြူနီပြာဝါလက်ခလယ်တွေထဲ ဘယ်လက်ခလယ်က အလှဆုံးလဲဆိုတာ တိုင်ပင်ကြပေါ့။ ရောင်စုံလက်ခလယ်အစီရင်ခံစာကို ဇီးသီးလေးစားပြီး စီးရီးလိုက် အထက်ကို တင်ပြကြ၊ အောက်ကိုဖိကြထောင်းကြပေါ့။ ထုံးစံက စုံးထံလုပ်လို့မှ မရတာ။ လုပ်ရိုးလုပ်စဉ်အတိုင်း စားကြသောက်ကြရင်းပေါ့။

ဟာ ခုထိ မယုံတယုံဖြစ်နေတဲ့ ကိုယ်တော်တချို့ ရှိနေသေးတယ်လို့ အကြားအမြင်အရ သိလိုက်ရတယ်နော်(Battles of Fates အကြည့်များသွားလို့ပါ။ ဟဲ ဟဲ)။ မယုံတဲ့ သူတွေက ယုံတဲ့သူတွေရဲ့ နှာခေါင်းထဲ ဝင်ကြည့်ကြ၊ ဒါမှမဟုတ် ရေကန်ဘောင်ကို တစ်ပတ်ပတ်ကြည့်ပေါ့။ တစ်ချက်ကြည့်တိုင်း ဖြူနီပြာဝါတွေက လက်ခလယ်လေးထောင်ပြတာတော့ ခံနိုင်ရမယ်။

ဪ…ဒါနဲ့ မေ့လို့။ ရေကန်ဘောင်ကြီးကို ကိုယ်တော်တို့ ရေချိုးသန့်စင်ပေးစေချင်ရင် အမှိုက်တမန်တော် ကားကြီးနဲ့ ဝန်ထမ်းတချို့ကိုပဲ လွှတ်လိုက်လို့မရဘူးနော်။ အကြီးတွေပါမှ လက်ခလယ်တွေက ရှိန်ကြတာ။ နောက်ပြီး တစ်ရက်တည်း အရောင်ပြ အရိပ်ပြ ရှိုးပွဲလည်း သွားမလုပ်နဲ့။ ရှိုးပွဲလုပ်ချင်ရင် ကမ်းနားလမ်းကိုပဲ သွား။

ပြီးတော့ ဆိုင်းဘုတ်ဒဏ်၊ လေဒဏ်ပဲ ရိုက်မနေနဲ့။ ကြိမ်နဲ့သာ နာနာတို့ဖို့ သတိလေးတော့ကပ်။ တစ်ရက်လေးလောက် ရေချိုးသန့်စင်ပေးပြီး ၊ နောက် အရေးတယူမလုပ်တော့ဘူးဆိုရင်တော့ အမှိုက်မပစ်ရဆိုင်းဘုတ်တွေ၊ ဖြူနီပြာဝါအိတ်ခွံတွေ၊ ရေပေါ်မှာဝဲပါလို့ ကြာဆံကိုစားပါလို့ လုပ်နေတဲ့ ဖော့ကြုတ်တွေ၊ အိမ်ခြေရာမဲ့အမှိုက်တွေ၊ ကွန်ဒုံးတွေက ကိုယ်တော်တို့ အားလုံးကို လက်ခလယ်ပဲတဲ့။

သားဂင်းငယ်