ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တကူရွာတွင် ဓာတ်ဆီတစ်လီတာ တစ်သောင်းခွဲအထိဖြစ်လာ၊ ဆီရှာရခက်သဖြင့် ခြံလုပ်ငန်းအခက်တွေ့

March 19, 2026

တနင်္သာရီမြို့နယ်၊ တကူရွာတွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲဖြစ်လာသည့်အပြင် ဝယ်ယူရလည်း ခက်ခဲသဖြင့် ဒေသခံများ အလုပ်လုပ်ကိုင်ရန် အခက်အခဲများစွာကြုံနေရကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၇ရက်မှစတင်ကာ မြိတ်မြို့မှ ဆီဘောက်ဆာကားများ မလာတော့သောကြောင့် မြို့ပေါ်သို့ သွားရောက်ကာ သယ်ဆောင်နေရသဖြင့် တကူရွာတွင် စက်သုံးဆီစျေးတက်ပြီး ဝယ်ယူရခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။

တကူရွာတွင် ဓာတ်ဆီကို တန်းစီဝယ်ယူနေရာပြီး သုံးရက်၊ လေးရက်ခန့်ကြာမှသာ တစ်ကြိမ် ဝယ်ယူရရှိသည့်အပြင် တစ်ကြိမ်ဝယ်ယူလျှင်လည်း တစ်လီတာသာရရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အလုအယက်ပေါ့။ (ဆီဆိုင်တွေမှာ) သူတို့ရှိတဲ့ ရက်ကျ ရောင်းပေးတယ်။ အမြဲတမ်းတော့ မရဘူး။ တစ်ခါသွားတန်းစီပြီး ရလာလည်း တစ်ဘူးပဲ” ဟု ၎င်းက ပြောသည်။

မတ်လအစပိုင်းတွင် တကူရွာ၌ ဓာတ်ဆီတစ်လီတာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်သာ စျေးရှိရာမှ လက်ရှိတွင် ၁၂၀၀၀ကျပ်မှ ၁၅၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဥယျာဉ်ခြံများ၌ ကွမ်းသီးထွက်ချိန်ဖြစ်ပြီး ကွမ်းသီးအခြောက်များကို ဆိုင်ကယ်ဖြင့် နေအိမ်သို့ သယ်ဆောင်လေ့ရှိရာ စက်သုံးဆီ ဝယ်မရသဖြင့် သယ်ယူရန် ခက်ခဲနေကြောင်း ဒေသခံအချို့က ပြောသည်။

ဆီသိုလှောင်ထားခြင်း မရှိသည့် ခြံရှင်များသည် လက်ရှိတွင် ဆီရှာမရသဖြင့် ကွမ်းသီး သယ်ယူ၍ မရဘဲ ဆီဝယ်ယူ ရရှိချိန်မှသာ သယ်ယူနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ဆီကြိုပြီး ဝယ်ထားသူတွေက ဘာမှမဖြစ်သေးဘူး။ အဲဒီဆီတွေ ကုန်ရင်တော့ သူတို့လည်းကြုံရမယ်။ အခုက မဝယ်ထားသူတွေတော့ စပြီးခံစားနေရပြီ” ဟု ၎င်းက ပြောဆိုသည်။

စားသောက်ကုန်များကို မြို့ပေါ်မှ သွားရောက်သယ်ဆောင်သည့် လမ်းပိုင်းကိုလည်း စစ်အာဏာရှင်တပ်က ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ ဆိုင်ကယ်၊ လှေတို့ဖြင့် သယ်ဆောင်နေရပြီး လက်ရှိတွင် စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူရ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် စားသောက်ကုန်များလည်း စျေးတက်လာကြောင်း ၎င်းတို့က ဆိုသည်။

“စားစရာတွေလည်း စျေးတက်တယ်။ ဆိုင်ကယ်နဲ့ပဲ သယ်လို့ရတယ်။ ကားနဲ့ သယ်မရတော့ စရိတ်ထောင်း(များ)တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ကမ္ဘာတွက် စက်သုံးဆီအခက်အခဲ အကြီးအကျယ်ဖြစ်ပေါ်နေပြီး တနင်္သာရီတိုင်းတွင်လည်း ဆီပြတ်လပ်ခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရခြင်း၊ စျေးကြီးပေးဝယ်ရခြင်းတို့ ကြုံနေရသည်။