ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဏာသိမ်းကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေး ၁၀ ဆအထိ စျေးမြင့်တက်

March 19, 2026

စစ်အုပ်စုအာ‌ဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေးနှုန်းမှာ ၇ ဆ မှ ၁၀ ဆနီးပါးအထိ စျေးမြင့်တက်လာကြောင်း မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးအချို့ထံမှ သိရသည်။

အာဏာမသိမ်းမီက Pinky အမှတ်တံဆိပ် အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ထုပ်လျှပ် ကျပ် ၇၀၀ ၊ Blue တံဆိပ် တစ်ထုပ်လျှင် ကျပ် ၅၀၀၊ ပျိုမေတံဆိပ် တစ်ထုပ်လျှင် ကျပ် ၈၀၀နှင့် Shuya တံဆိပ် တစ်ထုပ်လျှင် ကျပ်တစ်ထောင်ကျော် ဝန်းကျင်သာ ဈေးရှိခဲ့သည်။

လက်ရှိတွင် Pinky တစ်ထုပ်လျှင် ကျပ် ၅၀၀၀၊ Blue တစ်ထုပ်လျှင် ၄၅၀၀ကျပ်၊ ပျိုမေတစ်ထုပ်လျှင် ကျပ် ၅ဝဝဝ နှင့် Shuya တစ်ထုပ်လျှင် ကျပ် ၇၀၀၀ ဝန်းကျင်အထိ ပေးဝယ်နေရကြောင်း အမျိုးသမီးအချို့က ဆိုသည်။

လက်ရှိတွင် ပဋိပက္ခအခြေအနေများကြောင့် အထွေထွေကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေချိန် မိသားစုစားဝတ်နေရေး အတွက် ရုန်းကန်နေရသည့်အတွက် အမျိုးသမီးလစဉ်သုံးကို နေအိမ်တွင်နေထိုင်ချိန် မသုံးဖြစ်တော့ကြောင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဈေးနှုန်းက တော်တော်မြင့်နေတော့ အဲဒီလိုအချိန်ဆို အိမ်မှာပဲ ထဘီဝတ်ပြီးနေဖြစ်တယ်။ ဒီတစ်ထုပ်ဈေးနှုန်းက မိသားစုတစ်စုအတွက် တစ်နပ်စာလည်း ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဧည့်မထဆန်တစ်ပြည်လျှင် ၂၄၀၀ ကျပ်ဝန်းကျင် ဈေးရှိသည့်အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း တစ်ထုပ်၏ တန်ဖိုးမှာ ပျမ်းမျှအားဖြင့် ဆန်နှစ်ပြည်နှင့် ညီမျှနေသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်အားကောင်းသည့် ကျေးရွာများကို စစ်အာဏာရှင်တပ်က စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ကန့်သတ်ထားရာ အမျိုးသမီးလစဉ်သုံးပစ္စည်းလည်း ပါဝင်သည့်အတွက် ဝယ်ယူရခက်ခဲနေကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

ယင်းကဲ့သို့ ဈေးတက်လာသည့်အပြင် လစဉ်သုံးပစ္စည်းအမှတ်တံဆိပ်အချို့သည် အရည်အသွေး နည်းလာပြီး သုံးစွဲရ အဆင်မပြေဖြစ်လာကြောင်း ဘုတ်ပြင်းမြို့နယ် ဘန်ဂလားကျေးရွာအုပ်စု လေညာရွာနေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ပြည်တွင်းထုတ် တံဆိပ်တွေက ဈေးတွေပဲ ကြီးလာတယ်။ ဘယ်လိုမှ သုံးလို့အဆင်ပြေမနေဘူး။ ‌တော်တော် ပါးလာတဲ့ အတွက် ခဏခဏ ပေါက်ကျတာမျိုးဖြစ်တယ်။ ခဏခဏ လဲနေရတော့ ငွေကြေးပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော အဆင်မပြေဖြစ်တယ်ရှင်” ဟု ၎င်းက ပြောသည်။

အရည်အသွေးကောင်းပြီး သုံးစွဲရအဆင်ပြေသည့် ထိုင်းနိုင်ငံထုတ် အမျိုးသမီးလစဉ်သုံးပစ္စည်းအချို့မှာ ၁၀ ခုပါ တစ်ထုပ်လျှင် ငွေကျပ် နှစ်သောင်းဝန်းကျင်အထိ ဈေးပေါက်နေပြီး ဝယ်ယူရခက်ခဲကြောင်း မြိတ်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ထိုင်းဘက်က လစဉ်သုံးတွေက တော်တော်သုံးကောင်းတယ်။ ဈေးကလည်း တော်တော်ကြီးတယ်။ အခုဆို ဝယ်ရတောင် ခက်တယ်။ မြန်မာပြည်ထုတ်တွေကတော့ (ကျပ်) ရှစ်ထောင်အောက်ဆိုရင် မသုံးတာကောင်းတယ်။ ပေးရတာနဲ့ မတန်ဘူး ခံစားရတယ်” ဟု ၎င်းက ပြောဆိုသည်။

တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံကဲ့သို့ ပြည်ပနိုင်ငံများမှတင်သွင်းသည့် လူသုံးကုန်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း စစ်အုပ်စုက တင်သွင်းခွင့်ပိတ်ပင်ကန့်သတ်ထားသည်။