ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဟော်မုဇ်ရေလက်ကြားလုံခြုံရေး မဟာမိတ်များသာ တာဝန်ယူရန် ထရမ့် အရိပ်အမြွက်ပြော

March 19, 2026

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကိစ္စကို မဟာမိတ်နိုင်ငံများကိုသာ တာဝန်ယူစေမည့်သဘောမျိုး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁၈ ရက်တွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်၌ အရိပ်အမြွက်ပြောဆိုရေးသားလိုက်သည်။

ကမ္ဘာလုံးဆိုင်ရာ ရေနံသယ်ယူပို့ဆောင်ရေးအဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် အီရန်ကို အမေရိကန်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် အမေရိကန်၏ မဟာမိတ်နိုင်ငံများက ငြင်းဆန်ပြီးနောက် သမ္မတထရမ့်က ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ရေလက်ကြားမှာ အမေရိကန်အတွက် မလိုအပ်ဘဲ ယင်းရေလက်ကြားကို အမှန်တကယ် အသုံးပြုနေသည့် နိုင်ငံများကိုသာ အဖြေရှာခိုင်းလိုက်မည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။

“အကြမ်းဖက်အီရန်နိုင်ငံရဲ့ လက်ကျန်တွေကို ကျွန်ုပ်တို့ အပြတ်ရှင်းလိုက်ပြီ။ အမေရိကန်က မသုံးတဲ့ ဒီရေလက်ကြားကိစ္စမှာ သူ့ကို သုံးနေတဲ့ နိုင်ငံတွေကိုပဲ တာဝန်ယူခိုင်းလိုက်ရင် ဘာဖြစ်မလဲ သိချင်မိတယ်။ ဒါဆိုရင်တော့ တုံ့ပြန်မှုနှေးကွေးနေတဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ လျင်လျင်မြန်မြန် လှုပ်လှုပ်ရှားရှား ဖြစ်လာကြလိမ့်မယ်” ဟု ၎င်းက ရေးသားခဲ့သည်။

လက်ရှိတွင် သုံးပတ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ဆို့ထားသည်။

ယင်းပိတ်ဆို့မှုကို ဖယ်ရှားရန် မိုင်းရှင်းသင်္ဘောများနှင့် အခြားစစ်လက်နက်ပစ္စည်းများ ကူညီပေးရန် သမ္မတထရမ့်၏ တောင်းဆိုမှုကို ဥရောပနှင့် အာရှရှိ အမေရိကန်၏ အစဉ်အလာ မဟာမိတ်နိုင်ငံများက ငြင်းဆန်ထားကြသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းနှင့် ပတ်သက်၍ ရှေ့နောက်မညီသည့် ပြောဆိုမှုများကို ဆက်တိုက်ဆိုသလို ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မဟာမိတ်နိုင်ငံများက အမေရိကန်ကို ကူညီရမည်ဟု ၎င်းက ပြောဆိုထားပြီး အင်္ဂါနေ့တွင်မူ “ကျွန်တော်တို့ ဘာအကူအညီမှ မလိုအပ်ပါဘူး” သမ္မတထရမ့်က ဆိုသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်၏ ပစ်ခတ်မှုကြောင့် ကုန်သွယ်သင်္ဘော အနည်းငယ်သာ ထိမှန်ခဲ့သော်လည်း ယင်းခြိမ်းခြောက်မှုက ရေကြောင်းသွားလာမှုကို ရပ်တန့်စေခဲ့ပြီး ကမ္ဘာ့ရေနံစျေးနှုန်းများ အဆမတန် မြင့်တက်လာစေခဲ့သည်။

Source: The Economic Times