ထားဝယ်ခရိုင်တွင် စက်သုံးဆီ ပြတ်လပ်ခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းတို့ကြောင့် ကမ်းနီးငါးဖမ်းလှေ့အချို့ လုပ်ငန်းရပ်နား နေကြကြောင်း ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဒီဇယ်စက်သုံးဆီတစ်ပီပါလျှင် ၆၈၀,၀၀၀ ကျပ်ခန့်သာ စျေးရှိရာမှ မတ်လ ပထမပတ်တွင် ၁၂သိန်း၊ ဒုတိယပတ်တွင် ၁၃သိန်းဝန်းကျင်အထိ ဖြစ်လာသည့်အပြင် ဝယ်ယူ၍လည်း မရတော့ကြောင်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခုက ၁၄ သိန်းပေးတာတောင် ဝယ်မရတော့ဘူး။ ဒီတစ်ခေါက်ပြီးရင် နားဖို့ စဉ်းစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။
စက်သုံးဆီ စျေးကြီးပြီး အခက်အခဲအပြင် စျေးကောင်းသည့်ငါးများ ရှာဖွေဖမ်းဆီးရမိမှု နည်းလာခြင်းတို့ကြောင့် အကျိုးအမြတ် နည်းသဖြင့် လုပ်ငန်းယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခုက ဆီစျေးကတက်၊ ငါးကရှား။ လှေတွေက ဝင်ပြီးရင် ပြန်မထွက်ကြတော့ဘူး။ ပင်လယ်ထဲမှာ လက်ရှိက ထွက် ပြီးသား လှေတွေပဲ ကျန်တော့တယ်” ဟု ၎င်းက ပြောသည်။
ငါးဖမ်းလှေအချို့ လုပ်ငန်းရပ်နားခြင်းနှင့် ပင်လယ်ပြင်တွင် ငါးရှားပါးခြင်းတို့ကြောင့် မတ်လ ဒုတိယပတ်ကစပြီး ထားဝယ်ရေထွက်ကုန်စျေးကွက်သို့ ငါးနှင့် ပုစွန် အ၀င်နည်းကာ စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ထားဝယ်ရေထွက်ကုန်စျေးကွက်တွင် မတ်လ ၈ရက်က ပါတူး(ခေါ်) ငါးလုံး တစ်ပိဿာ ၁၄၀၀၀ကျပ်မှ မတ်လ ၁၅ရက်တွင် ၁၆၀၀၀ကျပ်၊ ငါးကွန်းရှပ်ကြီး တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်၊ ပုစွန် ချောကြီး တစ်ပိဿာ ၆၀၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်သို့ အသီးသီးစျေးတက်သွားကြောင်း ရေထွက်ကုန် ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ငါးလာရောင်းတဲ့သူအများစုက ဒီတစ်ခေါက် နောက်ဆုံးအခေါက်ဆိုပြီး ပြောကြတာများတယ်။ စျေးကွက်ထဲမှာလည်း လူပါးတော့ အရောင်းအဝယ်က သိပ်မရှိ။ အရောင်းအဝယ်ပါးတော့ ငါးစျေးက မရှိ။ သူတို့အတွက်လည်း မကိုက်တော့ဘူးလေ နားဖို့ပြောတဲ့ လှေရှင်တွေက များတယ်” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လောင်စာဆီ အခက်အခဲများ ဖြစ်ပေါ်နေသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း စက်သုံးဆီပြတ်လပ်ခြင်းနှင့် စျေးတက်ခြင်းတို့ကြောင့် ငါးဖမ်းလုပ်ငန်းအချို့ ရပ်နားထားရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ပထမပတ်ကစပြီး လောင်စာဆီ ပြတ်လတ်ခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရခြင်း၊ စျေးမြင့်တက်ခြင်းများ ဖြစ်ပေါ်နေသည်။







