ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လက်ရှိထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူကို ဝန်ကြီးချုပ်အသစ်အဖြစ် ထပ်မံရွေးချယ်

March 19, 2026

ရွေးကောက်ပွဲ အနိုင်ရ Bhumjaithai ပါတီခေါင်းဆောင် အနုထင်ချန်ဝီရကူ အား ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ထပ်မံရွေးချယ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

လက်ရှိဝန်ကြီးချုပ် အနုထင်ချန်ဝီရကူ အစိုးရက ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် Bhumjaithai ပါတီက အမတ်နေရာ ၁၉၀ ကျော်ဖြင့် ပထမနေရာက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ရန် အောက်လွှတ်တော်အမတ် ၄၉၉ ဦးအနက် ၄၉၈ ဦး တက်ရောက်လာခဲ့သည်။

ယနေ့ နံနက်ပိုင်း ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် အနိုင်ရ Bhumjaithai ပါတီက အနုထင်ချန်ဝီရကူ အား အမည်စာရင်းတင်သွင်းခဲ့ပြီး ဒုတိယအနိုင်ရပါတီဖြစ်သော ပြည်သူ့ပါတီ (People’s Party) က နတ္တဖွန် ရွမ်ပန်ရာဝတ်ကို အမည်စာရင်း တင်သွင်းခဲ့သည်။

နေ့လယ် ၁၂ နာရီခွဲခန့်မှစ၍ ဝန်ကြီးချုပ်အသစ်အတွက် ကိုယ်စားလောင်းနှစ်ဦးကို မဲပေးရွေးချယ်ခဲ့ကြရာ လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ထောက်ခံမဲ ၂၉၃ မဲဖြင့် ထပ်မံရွေးချယ်ခံရသည်။

ပြီးခဲ့သော ၂၀၂၅ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသော အနုထင် ချန်ဝီရကူ သည် နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရခြင်းဖြစ်သည်။

ပြည်သူ့ပါတီ (People’s Party) ခေါင်းဆောင် နတ္တဖွန် ရွမ်ပန်ရာဝတ် ကမူ ထောက်ခံမဲ ၁၁၉ မဲ ရရှိခဲ့သည်။ ဝန်ကြီးချုပ် ရွေးချယ်ရာတွင် ကြားနေမဲပေါင်း ၈၆ မဲရှိခဲ့သည်။

ရွေးကောက်ပွဲတွင် တတိယနေရာက အနိုင်ရရှိခဲ့သော ဖွေထိုင်းပါတီဘက်က အစိုးရဖွဲ့နိုင်ရေး Bhumjaithai ပါတီနှင့် ပူးပေါင်းခဲ့ပြီး အနုထင် ချန်ဝီရကူကို ထောက်ခံမဲပေးခဲ့သည်။

ထူးခြားချက်အနေဖြင့် ပြည်သူ့ပါတီ အမတ်တစ်ဦးကလည်း အနုထင် ချန်ဝီရကူကို ထောက်ခံမဲပေးခဲ့သည်။

Ref: The Nation Thailand, Bangkok Post, Thai Enquirer