ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်သဘာဝဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရမှုကြောင့် စစ်ရှိန်ပိုမြင့်၊ အီရန်ဘက်က လက်တုံ့မပြန်ရန် ထရမ့်ခြိမ်းခြောက်

March 19, 2026

အီရန်၏ အဓိကသဘာဝဓာတ်ငွေ့သိုက် South Pars ကို အစ္စရေးက တိုက်ခိုက်ပြီးနောက် စစ်ပွဲအခြေအနေ သိသိသာသာ အရှိန်မြင့်တက်လာပြီး အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်ခြင်း မလုပ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေး ပြောဆိုနေသည်။

South Pars ကို ဒေါသထွက်နေသော အစ္စရေးနိုင်ငံက အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အီရန်ဘက်က ယင်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်း မရှိပါက အစ္စရေးအနေဖြင့် နောက်ထပ် တိုက်ခိုက်မှု မလုပ်စေရဟု ထရမ့်က ဆိုသည်။

ဗုဒ္ဓဟူးနေ့က အီရန်ပိုင် South Pars သဘာဝဓာတ်ငွေ့သိုက်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ရေနံစျေးနှုန်းများ မြင့်တက် လာခဲ့ပြီး အီရန်ကလည်း ပင်လယ်ကွေ့ဒေသတစ်လျှောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ယင်းအပြင် ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများကိုလည်း အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

ယခုကဲ့သို့ စစ်ပွဲအရှိန်မြင့်တက်လာမှုမှာ သမ္မတထရမ့်အတွက် နိုင်ငံရေးအရ ပိုမိုဖိအားများလာစေသလို ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုတွင်လည်း မကြုံစဖူး အနှောင့်အယှက် အဟန့်အတားများ ဖြစ်ပေါ်စေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

အီရန်ပိုင် South Pars သဘာဝဓာတ်ငွေ့သိုက်ကို အစ္စရေး၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်က ကြိုတင်သိရှိ ထားခြင်း မရှိကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ကာတာနိုင်ငံ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း သမ္မတ ထရမ့်က ပြောသည်။

“အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ် ဒေါသထွက်နေတဲ့ အစ္စရေးဟာ အီရန်နိုင်ငံက အဓိက အဆောက်အအုံတစ်ခုဖြစ်တဲ့ South Pars သဘာဝဓာတ်ငွေ့သိုက်ကို အကြမ်းဖက်တိုက်ခိုက်လိုက်ပြီဖြစ်တယ်” ဟု သမ္မတထရမ့်က ၎င်း၏ X လူမှုကွန်ရက်၌ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအချက်အလက်တွေကို အီရန်က မသိရှိဘဲ ကာတာနိုင်ငံ LNG သဘာဝဓာတ်ငွေ့ အဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုကို မတရားသဖြင့် အကြောင်းမဲ့ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အကယ်၍ အီရန်က အပြစ်မဲ့တဲ့ ကာတာနိုင်ငံကို တိုက်ခိုက်ဖို့ မိုက်မဲစွာ ဆုံးဖြတ်ခြင်း မရှိဘူးဆိုရင် အလွန်အရေးပါပြီး တန်ဖိုးရှိတဲ့ ဒီ South Pars ဓာတ်ငွေ့သိုက်နဲ့ ပတ်သက်လို့ အစ္စရေးဘက်က ထပ်မံတိုက်ခိုက်မှာ မဟုတ်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

“တကယ်လို့သာ (ကာတာကို တိုက်ခိုက်လာမယ်ဆိုရင်) အစ္စရေးရဲ့ အကူအညီ ဒါမှမဟုတ် သဘောတူညီချက် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမေရိကန်ပြည်ထောင်စုအနေနဲ့ South Pars ဓာတ်ငွေ့သိုက် တစ်ခုလုံးကို အီရန်တစ်ခါမှ မကြုံဖူးသေးတဲ့ အင်အားမျိုးနဲ့ အလုံးစုံ ချေမှုန်းဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်” ဟု ထရမ့်က ပြောဆိုသည်။

သို့ရာတွင် အီရန်ပိုင် South Pars သဘာဝဓာတ်ငွေ့သိုက်ကို တိုက်ခိုက်မည့် အစ္စရေး၏ အစီအစဉ်ကို သမ္မထရမ့်က အတည်ပြုပေးခဲ့ကြောင်း Wall Street Journal က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

Source: Reuters