ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်သား ပန်းချီဆရာကြီး သိန်းမြင့်သိန်း ကွယ်လွန်

February 19, 2026

ထားဝယ်ဒေသခံ ဝါရင့်ပန်းချီဆရာတစ်ဦးဖြစ်သည့် ပန်းချီသိန်းမြင့်သိန်းသည် ရန်ကုန်မြို့နေအိမ်၌ပင် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် ပန်းချီလုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။

ဆရာသိန်းမြင့်သိန်းသည် ကွယ်လွန်ချိန်တွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်ပြီး ဆေးရုံတက်ကာ ဆေးဝါးကုသခံယူနေရခြင်းမျိုးမဟုတ်ဘဲ ရုတ်တရက် ကွယ်လွန်ခြင်းဖြစ်ကြောင်း ပန်းချီအသိုင်းအဝိုင်းက ဆိုသည်။

ဆရာ၏ဈာပနကို ဖေဖော်ဝါရီလ ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း မိသားစုက လူမှုကွန်ရက်တွင် အသိပေးထားသည်။

ဆရာသိန်းမြင့်သိန်းသည် ထားဝယ်မြို့ဇာတိဖြစ်ပြီး တနင်္သာရီတိုင်းမှ ပန်းချီဆရာများဖြစ်သည့် ဦးငွေကိုင်၊ ဦးခင်လှိုင်၊ ဦးအောင်ထွေး အပါအဝင် ဆရာများထံတွင် ပန်းချီပညာ လေ့လာသင်ယူခဲ့သည်။

၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ မန္တလေးမြို့၊ အနုပညာသင်တန်းကျောင်းတွင် Fine Art ကို လေ့လာခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ ပန်းချီလေ့လာရေးခရီး ထွက်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗိသုကာဦးစီးဌာန၊ ပန်းချီဌာနတွင် ပန်းချီအုပ်အဖြစ် တာဝန်ယူဖူးသူဖြစ်သည်။

တစ်ကိုယ်တော် ပန်းချီပြပွဲ ၁၈ ပွဲ အပါအဝင် အုပ်စုပြပွဲများတွင် ပန်းချီကားများ ဝင်ရောက်ပြသခဲ့ပြီး ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် ကိုယ်ပိုင်ပန်းချီပြခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ရုပ်ရှင်ပိုစတာများစွာ ရေးဆွဲခဲ့ပြီး ရုပ်ပြစာအုပ် ၁၀ အုပ်နှင့် ပန်းချီနည်းပညာစာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။

ဆရာသိန်းမြင့်သိန်း ကွယ်လွန်မှုအပေါ် ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပု အစည်းအရုံးကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင် ဖော်ပြထားသည်။