စစ်ကော်မရှင်၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အသစ်တွင် နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ပြောသည်။
အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ်ပါဝင်လာမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ဖွဲ့ဖို့ရှိနေသည်ဟု စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew တို့နှစ်ဦး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် တွေ့ဆုံခဲ့ပြီးနောက် စစ်ကော်မရှင်က စီစဉ်သည့် ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ်အကြောင်းကို ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု ကိုးကားလေ့ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး မရှိဘဲ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသာရှိသည်။
ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံတွင် မပါသည့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကိုလည်း အစိုးရသစ် ဖွဲ့ချိန်တွင် ဖွဲ့စည်းရန် စစ်အုပ်စုက စီစဉ်ထားသည်။
ယင်းကြောင့် စစ်အုပ်စုက အစိုးရအဖွဲ့အသစ်တွင် ရာထူးသစ်များဖန်တီးပြီး စစ်ခေါင်းဆောင်များကို ခန့်အပ်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိ စစ်ကော်မရှင်အဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ထည့်သွင်းထားပြီး ဦးညိုစောကို ခန့်အပ်ထားသည်။ ဦးညိုစောမှာ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ဦးသန်းရွှေ၏ လူယုံဟု သတင်းကြီးသူလည်းဖြစ်သည်။
စစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုသလို မြန်မာနိုင်ငံသား အများစုကလည်း လွတ်လပ်ပြီး တရားမျှတမှုမရှိသော အတုအယောင် ရွေးကောက်ပွဲအဖြစ် ကန့်ကွက်နေကြသည်။
သို့သော်စစ်အုပ်စုကမူ ၎င်းတို့လိုချင်သည့် ရွေးကောက်ပွဲရလဒ်ကို ဖန်တီးထားပြီးဖြစ်ရာ လွှတ်တော်ခေါ်ယူနိုင်ရေး စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို မြင်တွေ့လိုကြောင်း၊ ထိုင်းနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးနှင့်အတူ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးဖြစ်စေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ပြီးခဲ့သော ငါးနှစ်က အကောင်အထည်မဖော်နိုင်ခဲ့သည့် အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်၍ မြန်မာနိုင်ငံနှင့် အာဆီယံကြား ပြန်လည်ဆက်ဆံစေလိုပြီး ပြည်တွင်းဆွေးနွေးမှုများ စတင်၍ အကြမ်းဖက်မှုများ လျှော့ချရန်၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
“စစ်ကော်မရှင် ရွေးကောက်ပွဲကို လက်ခံတယ်လို့ ကျွန်တော် မပြောခဲ့ဘူး။ ရွေးကောက်ပွဲက တကယ်လည်း ပြီးသွားခဲ့ပြီဆိုတော့ ကျွန်တော်တို့က ပေါင်းကူးတံတားတစ်ခုလို ကူညီပေးချင်တဲ့သဘောဖြစ်တယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ဆိုသည်။
ရွေးကောက်ပွဲအပြီး အသစ်တက်လာမည့် အစိုးရအဖွဲ့သစ်သည် တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေးရန် လမ်းဖွင့်ပေးထားမည်ဟု မြန်မာဘက်က ပြောခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေးရန် ထိုင်းနိုင်ငံက ကူညီခွင့်လုပ်ဆောင်ပေးခွင့် ရရှိမည်ဆိုပါက အဆင်သင့်ရှိနေကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် နှစ်ဖက်ဆွေးနွေးရန် စီစဉ်လုပ်ဆောင်ပေးခြင်းမျိုးမဟုတ်ဘဲ နှစ်ဖက်စကားပြော တွေ့ဆုံမှုများကို မြန်မာပြည်တွင်းကသာ စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မြန်မာပြည်တွင်း သင့်မြတ်ရေးကနေသာ ရယူနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။
နှစ်ဖက်ဆွေးနွေးမှုများတွင် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုမြှင့်တင်ရန်၊ နယ်စပ်ကုန်သွယ်မှု ပြန်လည်အသက်ဝင်လာစေရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ထပ်တိုးလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
Ref: Thai PBS New, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန, The Reporter







