ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း ဝင်းဝစခန်းနှင့် မင်းဒပ်ရွာအနီးကို လေယာဉ်ဖြင့်ဗုံးကြဲ

February 19, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းနှင့် မင်းဒပ်ရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၉ရက် နံနက်အစောပိုင်းတွင် ဝင်းဝစခန်းဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရပြီး နံနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ဝင်းဝစခန်းအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးကြဲချကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အခုမနက်စောစောပိုင်းမှာ ဝင်းဝစခန်းကိုဝင်တိုက်နေတဲ့ပုံစံမျိုး ပစ်ခတ်သံတွေကြားရတယ်။ အခုလေးတင် လေယာဉ်က ဗုံးကြဲသွားတယ်။ တစ်ခါချရင် နှစ်လုံး နှစ်ကြိမ်ကြဲသွားတယ်” ဟု ၎င်းက နံနက် ၉နာရီ ၄၀ မိနစ်ကျော်က ပြောဆိုသည်။

လေယာဉ်ဗုံးကြဲပြီးနောက် ပစ်ခတ်သံများ စဲသွားကြောင်း အထက်ပါဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်များက ဝင်းဝစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံများကို ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

သရက်ချောင်းမြို့နယ် အောက်ဘက်ပိုင်း မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်တွင်မူ တောင်ပျောက်တိုက်နယ်အဝင် သဲချောင်းကြီးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၅ ရက်နေ့တွင် ထားဝယ်မြို့နယ် ရွှေဂူတောင်တံတားစစ်ဆေးရေးဂိတ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ ကနက်သီရိ၊ ဝင်းဝကျေးရွာများကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၂ရက်၊ ၁၇ရက်၊ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါဒေသတွင် ဖေဖော်ဝါရီလ ၃ ရက်ကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရပြီး ဖေဖော်ဝါရီလ ၈ ရက်တွင်မူ မြိတ်-ထားဝယ်လမ်းပိုင်းလည်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။